ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှည့်လည်ကြည့်ရှုအားပေး

ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်  ဧပြီ  ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၏ သတ်မှတ်နေရာ အသီးသီး၌ ကျင်းပလျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ် ရေးမှူးရာထူးအတွက် ကွန်ပျူတာ စစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့အင်အားဦးစီးဌာန၏ ကွန်ပျူတာခန်းမ၌ ကွန်ပျူတာ စစ်ဆေးနေမှု၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်၍အဖွဲ့ခွဲအလိုက် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း ဆောင်ရွက်နေမှု၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ကွန်ပျူတာခန်း၌ ကွန်ပျူတာ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လာရောက် ဖြေဆိုသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဌာန၏ အဓိကလုပ်ငန်း တာဝန်များ အပြင် နိုင်ငံတော်အတွက် အဓိကလက်ငင်း ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို အင်ပြည့် အားပြည့် ဆောင်ရွက်နိုင်ရေးအတွက် ဌာန၌ လစ်လပ်လျက်ရှိသည့်ဝန်ထမ်းများ ဖြည့်တင်းနိုင်ရန် လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးရာထူး အတွက် အမျိုးသား ၁၂၀ ဦး၊ အမျိုးသမီး ၃၀  ဦး စုစုပေါင်း ၁၅၀ ဦးခန့်ထားနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ထမ်းလျှောက်လွှာများခေါ်ယူ၍ သတ်မှတ် ချက်များနှင့် ကိုက်ညီသူများကို မတ်လ ၁၆ ရက်က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌ အင်္ဂလိပ်စာရေးဖြေ စာမေးပွဲများကျင်းပခဲ့ရာ အဆိုပါ ရေးဖြေစာမေးပွဲ အောင်မြင်ကြသူများကို ကွန်ပျူတာ စစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်းတို့ကို ဧပြီလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် နေပြည်တော်(ရုံးချုပ်)၌ ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ဆေးမှုအောင်မြင်သူများကို ဝန်ထမ်းခန့်ထား ရေး လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)