ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း သဒ္ဓါကြည်ဖြူ ရေကန်များဆယ်လှူကုသိုလ်ယူ

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း  သဒ္ဓါကြည်ဖြူ ရေကန်များဆယ်လှူကုသိုလ်ယူ

မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသော ပုဂံ ကမ္ဘာ့အမွေအနှစ် ဒေသအား ပုဂံခေတ်က ရေးထိုးခဲ့သော ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိ ကျောက်စာတွင် တတ္တဒေသ ဟု  ရေးသားခဲ့သည်ကို တွေ့ရှိရသည်။ တတ္တဒေသ  ဟူသည်မှာ  ပူပြင်းသော အရပ်ဒေသဟု အဓိပ္ပာယ်ရ သည်။ သို့သော်လည်း   ပုဂံဒေသ၏   အနောက်ဘက်တွင်  ဧရာဝတီမြစ်နှင့်   ပုဂံ၏အရှေ့တောင်ဘက် တွင် တုရင်တောင်ခြေရှိ မြကန်၊ အလံပုဂံစသော ကန်ကြီးများ ပုဂံဒေသအတွင်း ရေကန်များ အမြောက်အမြား ရှိနေသောကြောင့် ပူပြင်းခြောက်သွေ့သော်လည်း စိုက်ပျိုးရေး၊ လူ၊ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် ရေလုံလောက်စွာ ရရှိနိုင်သည့် အခြေအနေရှိမည်ဟု ယူဆရပေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလ၌ အလွန့်အလွန်   အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ   တိုက်ခတ်ခဲ့သည်။ မိုခါမုန်တိုင်း တိုက်ခတ်ခံရသည့် အထဲတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြ သည့် စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်းစသည့် သာသနိကအဆောက် အအုံအချို့လည်း   အနည်းအကျဉ်း ထိခိုက်မှုရှိခဲ့သည်။ ထိုမုန်တိုင်းကြောင့်ပင် ရှေးဟောင်း အဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့် အနီးပတ်ဝန်းကျင် နေရာများတွင် ရေကြီးရေလျှံခြင်း၊ ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲက နောင်တွင် ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် လမ်းညွှန် မှာကြားချက်အရ ပုဂံခေတ် ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် သုတေသနပြုမှုများ၊ ရှေးဟောင်း ရေလမ်း ကြောင်းများအား ပြန်လည်ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန်များ ပြန်လည် ဆယ်ယူ ထိန်းသိမ်းခြင်း များကို စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့သည်။

ကျန်စစ်သားမင်း ရေးထိုးခဲ့သော အတ္ထုပ္ပတ္တိ ကျောက်စာတွင် ရာသီဥတုနှင့် ပတ်သက်၍ ဖော်ပြထားရာ ကျန်စစ်သားမင်းကြီးလက်ထက် နိုင်ငံတစ်ဝန်းလုံးတွင်အကြိမ် တစ်ရာ့နှစ်ဆယ် မိုးရွာသွန်းခြင်း၊ အခါခပ်သိမ်း စပါးများပြည့်စုံခြင်း၊ နိုင်ငံ၌ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်တို့ ပေါများကြခြင်းနှင့်  မှို၊ မျှစ်၊ ပန်း၊ သစ်သီးများ ပေါများကြောင်း ရေးထိုးထားသည်ကို လေ့လာတွေ့ရှိရသည်။  ကျောက်စာပါ အထောက်အထားများကို သုံးသပ်ကြည့်ပါက ပုဂံခေတ်ကာလ၌ မိုးအသင့်အတင့် ကောင်းမွန်ခဲ့ပြီး   စိုက်ပျိုးရေးအတွက် များစွာအထောက်အကူ   ဖြစ်စေကာ သစ်ပင်ပန်းမန်များ ဖြစ်ထွန်းခဲ့ကြောင်းနှင့် ရေလုံလောက်စွာရရှိသော အခြေအနေရှိကြောင်း  လေ့လာသိရှိရသည်။  ထိုသို့ မိုးရွာသွန်းမှု  အခြေအနေ များကြောင့် တုရင်တောင်အနီးရှိ မြကန်၊ အလံပုဂံကဲ့သို့ ကန်ကြီးများတွင် ရေသိုလှောင်မှုများ ပြုလုပ်ခြင်း၊ ပုဂံဒေသတစ်ဝိုက်ရှိ ရေကန်များတွင်လည်း ရေသိုလှောင်ထားရှိနိုင်ခြင်းတို့ကြောင့် လူနှင့် တိရစ္ဆာန်များ ရေကိုလုံလောက်စွာ အသုံးပြုနိုင်သည့် အခြေအနေရှိသည်ဟု ယူဆရသည်။  ပုဂံတစ်ဝိုက် တွင် တွေ့ရှိရသော ရေကန်ကြီးများ အချို့သည် ယနေ့မျက်မှောက်ခေတ်တွင်လည်း အသုံးပြုလျက် ရှိသော ကန်ကြီးများအဖြစ် တွေ့ရှိရသည်။ ရေကန်ကြီးများအတွင်းသို့ မိုးရာသီကာလတွင် တိုက်ရိုက် ရေထည့် သွင်းခြင်းမျိုးမဟုတ်ဘဲ ရေကန်အတွင်းသို့ဝင်မည့် ရေလမ်းကြောင်းထိပ်တည့်တည့်တွင်  ရေစစ်ကန်ကို တစ်ဆင့်ခံ၍ ထားရှိကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် လေးမျက်နှာကန်၊ ဇေယျ သွပ်ကန်၊ ဖျောက်ဆိပ်ပင်ကန်၊  သဲပြင်တောရွာရှိ ရေကန်တို့တွင် တွေ့ရှိနိုင်သည်။ 

ပုဂံဒေသတစ်ဝိုက်တွင် တွေ့ရှိရသော ရေကန်ကြီးများသည် ပုဂံခေတ် ရေသွင်း ရေထုတ်  စနစ်အပြင်   စိုက်ပျိုးရေး၊ မွေးမြူရေးတို့နှင့်ပါ ဆက်စပ်နေသော သမိုင်းတန်ဖိုးကြီးမားလှသည့် ရေကန်ကြီးများ ဖြစ်ကြသည်။ ပုဂံဒေသတစ်ဝိုက်တွင် တည်ရှိသော ရေကန် ၁၀၆ ကန်တွင် ဘုရားတံတိုင်းဝင်း၊ ဘုန်းတော်ကြီး ကျောင်းဝင်း၊ ဟိုတယ်ဝင်းနှင့် အစိုးရဌာန ဆိုင်ရာဝင်းများအတွင်းရှိ ရေကန် ၁၂ ကန် လည်း ပါဝင်သည်။ အဆိုပါ ရေကန် ၁၂ကန်ကို ချန်လှပ်၍ ကျန်ရှေးဟောင်းရေကန်များသည် နှစ်ပေါင်း ရာချီ ပို့ကျနေသည့် နုန်းများ၊ သဲများကြောင့် ကောနေရာ လိုအပ်သည့် ရေကန်များအား သဲနုန်းများ ဆယ်ယူ၍ ပြန်လည်ထိန်းသိမ်းပြုပြင်နိုင်ရေးအတွက် ပထမအဆင့် ၄၆ ကန်နှင့် ဒုတိယအဆင့် ၄၅ ကန်ကို အဆင့်နှစ်ဆင့် ခွဲခြားသတ်မှတ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရေတို ရေရှည် စီမံချက်များရေးဆွဲကာ ဦးစားပေးအလိုက် စတင် ဆောင်ရွက်လျက်ရှိသည်။

ယခုကဲ့သို့ ကန်များတွင် ပို့ကျနေသော နုန်းများ၊ အနည်များအား ဆယ်ယူခြင်းအားဖြင့် ၂၀၂၃ ခုနှစ်  မိုခါမုန်တိုင်း တိုက်ခတ်မှုကဲ့သို့ ဘုရား၊ ပုထိုး၊ စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်းများ၏ အနီးပတ် ဝန်းကျင်တစ်ဝိုက်၌ ရေဝပ်၊ ရေလျှံခြင်းများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာများ ကောင်းမွန်ခြင်း များကို အထောက်အကူ ဖြစ်သကဲ့သို့ ဒေသတွင်းရှိ ရှေးဟောင်းကျေးရွာများတွင် နေထိုင်ကြသည့် လူနှင့် တိရစ္ဆာန်များအတွက် သောက်ရေသုံးရေအတွက်သာမက စိုက်ပျိုးရေးအတွက်ပါ အကျိုးပြုစေမည် ဖြစ်သည်။

ယခုအခါ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ သဒ္ဓါကြည်ဖြူ ပြည်သူတို့ကလည်း တတ်အားသရွေ့ အလှူငွေများ ထည့်ဝင်၍လည်းကောင်း ကန်ဆယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်ကာလအတွင်းက တည်ရှိခဲ့ သော မြို့ရိုး၊ ကျုံး၊ ရေတွင်း၊ ရေကန်များ၊ ရေမြောင်းများကို ပုဂံသူ၊ ပုဂံသားများက တူးဖော်ခဲ့ကြပြီး သဘာဝ မြေမျက်နှာပြင်၏ အနိမ့်အမြင့်ပေါ်မူတည်၍ ရေများစီးဆင်းနိုင်သည့် အနေအထားကို   ဆောင်ရွက်ခဲ့ ကြောင်း လေ့လာတွေ့ရှိရသည်။

ပုဂံခေတ် ရေစီမံခန့်ခွဲမှုဆိုင်ရာနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပပညာရှင်များကို ဖိတ်ခေါ်၍ ဝန်ကြီး ဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်ပါ ပူးပေါင်းဆွေးနွေးခြင်းများ၊ ကွင်းဆင်းလေ့လာ သုတေသနပြုခြင်းများနှင့် အထူးသဖြင့် အီတလီနိုင်ငံမှ ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်  Dr.Massimo Sarti ၏ အကြံပြုချက်ကို ရယူခဲ့သည်။   ပုဂံဒေသရေသွယ်ယူမှုစနစ်မှာ  အမြင့်ဆုံး တုရင်တောင်ခြေရှိ မြကန်မှ အလံပုဂံ၊ အလယ်ကန်၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန် စသည့် ရေကန်များရှိရာသို့ ရေစီးလမ်းကြောင်းများက တစ်ဆင့် သွယ်ဖောက်ယူ၍ နောက်ဆုံး၌ ပုဂံမြို့ရိုးနှင့် ကျုံးသို့ ရေသွယ်ယူ စီမံခဲ့ကြောင်း လေ့လာသိရှိရသည်။ 

ပုဂံဒေသတစ်ဝိုက်ရှိ ရှေးဟောင်း ရေကန်များအားပို့ကျနေသည့် အနည်အနှစ် သဲနုန်းများ တူးဖော် ကန်ဆယ် ရှင်းလင်းခြင်းဖြင့် နွေရာသီရောက်တိုင်း လူများ၊  ကျွဲ၊ နွား တိရစ္ဆာန်များပါ လိုအပ်ပါက အသုံးပြုနိုင်မည်ဖြစ်သည်။ ပုဂံဒေသတွင် ခေတ်အဆက်ဆက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် လမ်းများ ဖောက်လုပ် ဆောင်ရွက်ခဲ့မှုကြောင့် ရှေးဟောင်း ရေစီးလမ်းကြောင်းများပိတ်ဆို့ခြင်း၊ တိမ်ကော သွားခြင်းများနှင့် နှစ်ပေါင်းရာချီ၍ ပို့ကျနေသော နုန်းများ၊ သဲများကို ဖယ်ရှား၍ ရေစီး လမ်းကြောင်းများကို ပြန်လည် ဖော်ထုတ်သွားရမည် ဖြစ်သည်။ 

ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ရေကန် ၉၁ ကန်၏ ပထမအဆင့် ၄၆ကန်အနက် ဆောင်ရွက်ပြီးစီး ခဲ့သည့်ရေကန် ၁၂ ကန်မှာ-

၁။      ရွှေထီးကန် (ပုဂံမျှော်ဘုရား၏ အရှေ့ဘက်)

၂။       ဆွေတော်မျိုးတော်ကန် (စူဠာမဏိဘုရားနှင့် ဓမ္မရံကြီးဘုရားကြား)

၃။      ပျားကြီးစွဲကန် (အရှေ့ဖွားစောကျေးရွာနှင့် အနောက်ဖွားစောကျေးရွာကြား)

၄။      ဇီးပင်ကန် (ကန်စွန်းအို ဘုန်းတော်ကြီးကျောင်း၏ အနောက်တောင်ဘက်)

၅။      ဆုတောင်းပြည့်ရေကန်(အာနန္ဒာဘုရား၏ အရှေ့မြောက်ဘက်)                    

၆။      သဲစစ်ကန် (နရသီဟပတေ့ဘုရား၏ အရှေ့တောင်ဘက်၊ မင်းနန်သူ လေးထောင့်ကန်၏ အရှေ့ဘက်)

၇။      ဖိုးသူတော်ကန် (စူဠာမဏိဘုရား၏ တောင်ဘက်)

၈။      မြောက်တစ်ဝက်ကန် (မြောက်တစ်ဝက်ဘုရား၏ မြောက်ဘက်၊ ဖိုးသူတော်ကန်၏တောင်ဘက်)

၉။      ဖျောက်ဆိပ်ပင်ကန်(၁)  (ဖျောက်ဆိပ်ပင်ရွာအနီး )

၁၀။    ဖျောက်ဆိပ်ပင်ကန်(၂)   (ဖျောက်ဆိပ်ပင်ရွာအနီး)

၁၁။    ဖျောက်ဆိပ်ပင်ကန်(၃)    (ဖျောက်ဆိပ်ပင်ရွာအနီး)

၁၂။     ဇယျဝေရိကန် (အရှေ့ဖွားစောကျေးရွာ၏တောင်ဘက်၊ ကန်စွန်းအိုကျောင်းအတွင်း) 

ပုဂံဒေသ တစ်ဝိုက်တွင် ဆောင်ရွက်ဆဲ ကန် ၉ ကန်မှာ -

၁။      ရေတော်မုနိကန် ( ဘူးလည်သီးဘုရား၏ အနောက်တောင်ဘက်)

၂။       ရွာဟောင်းကြီးကန် (ရွာဟောင်းကြီးဘုရား၏ အနောက်မြောက်ဘက်)

၃။      ဘူးလည်သီးကန် (ဘူးလည်သီးဘုရား၏ တောင်ဘက်)

၄။      လောကချမ်းသာကန် (ပြာသာဒ်ငယ်ဘုရားအနီး)

၅။      ဆုတောင်းပြည့်ကန် (အေးသာယာကန်) (ဆုတောင်းပြည့်ဘုရား၏ တောင်ဘက်၊ အနောက် ဖွားစော၏ အနောက် တောင်ဘက်)

၆။      ဆုတောင်းပြည့်ကန်(အုတ်ကန်) (ဆုတောင်းပြည့်ဘုရား၏ အနောက်မြောက်ထောင့် )

၇။      ကိုမောက်ကန် (သံပျင်စွာဘုရား၏အနောက်ဘက်)

၈။      မင်္ဂလာကန်  ၃ (မွန်းတိမ်းကန်) (သစ္စာဝတီဘုရား၏ အရှေ့တောင်ဘက်)

၉။      အာမနာကန်  (သမ္ဘူလဘုရား၏ အနောက်မြောက်ဘက်) တို့ ဖြစ်သည်။  ကျန်ရှိနေသေးသော ရေကန်ကြီးများအား ဆက်လက် ဆယ်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရေကန်ကြီးများ ဆယ်ယူခြင်းမပြုမီ ရေကန်တစ်ကန်ချင်းစီအား အမွေအနှစ်ထိခိုက်မှု ဆန်းစစ်ချက် HIA (Heritage Impact Assessment) ဆောင်ရွက်ခြင်း၊ မြေမျက်နှာပြင် အနိမ့်အမြင့် အသေးစိတ် လေ့လာနိုင်ရန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ဆက်စပ်ပူးပေါင်းဌာန များက ပဏာမ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ရေကန်တစ်ကန်စီအား မြေလွှာလေ့လာမှု Top Map ထုတ်ခြင်း တူးဖော်သုတေသန လုပ်ခြင်းများ ဆောင်ရွက်ပါသည်။ ရေကန်များတွင် စမ်းသပ် တူးဖော်မှုအရ မူလရှေးဟောင်း ကန်ပေါင်များ၊ သဘာဝရေဝင်ရေထွက် လမ်းကြောင်းများ ထိခိုက် ပျက်စီးမှု မရှိစေရန် ဂရုပြုဆောင်ရွက်သကဲ့သို့ မြကန်မှကျုံးအထိ အဆင့်ဆင့် စီးဆင်းနေသော ရှေးဟောင်း ရေလမ်း ကြောင်းများရှိ သဲ၊ နုန်း ပို့ကျမှုများ၊ ပိတ်ဆို့နေမှုများကို ရှင်းလင်းဖယ်ရှားပြီး ရေစီးရေလာ ကောင်းစေရန်၊ ပုဂံခေတ် ကတည်းကရှိခဲ့သော ရေစီးစနစ်ကြီး ပြန်လည် သက်ဝင် လှုပ်ရှားစေရန်ပါ တစ်ပါတည်း ဆောင်ရွက်ပါသည်။ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းရာတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန သာမက အခြားဆက်စပ် ဌာနများဖြစ်သော နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတို့ကလည်း ပူးပေါင်း ပါဝင်ကူညီ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပုဂံဌာနခွဲမှ ဝန်ထမ်းများက ရေကန်များတူးဖော်ရာတွင် အနီးကပ် ကြီးကြပ် ဆောင်ရွက်ခဲ့မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ရှေးဟောင်းရေကန်များ ပြန်လည် တူးဖော်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

ယခုလိုအချိန်ကာလတွင် ရှေးဟောင်းရေကန်များ မတိမ်ကော မပပျောက်စေရန်နှင့် ပုဂံဒေသရှိ ပြည်သူလူထုနှင့် အိမ်မွေးတိရစါာန်များ လိုအပ်ပါက ရေ အသုံးပြုနိုင်စေရေးနှင့် ရေကန်ကြီးများမှ ရေသွယ်တန်း စီးဆင်းသည့် ရေလမ်းကြောင်းများ ဖော်ထုတ်နိုင်ခြင်းဖြင့် စေတီပုထိုးများ၏ အတွင်း အပြင် ပရဝဏ်တို့တွင် ရေများ မဝပ်ခြင်း၊ ရေစီးရေလာကောင်းမွန် လာစေခြင်းကြောင့် ရှေးနှစ်ပေါင်းများ စွာက ဘိုးဘေးများတည်ဆောက်ခဲ့သည့် သာသနိက အဆောက်အအုံများအား ပျက်စီးထိခိုက်နိုင်မှုကို လျော့ပါးလာစေမည် ဖြစ်ပါသည်။

ရေတွင်းရေကန် တူးဖော်ကုသိုလ်ယူခြင်းအားဖြင့်

၁။ အသက်ရှည်ခြင်း

၂။ အဆင်းလှခြင်း

၃။ ချမ်းသာကြီးခြင်း  

၄။ ခွန်အား ဗလကြီးခြင်း

၅။ ဉာဏ်ပညာကြီးခြင်း

၆။ စိတ်၏စင်ကြယ်ခြင်း

၇။ ကိုယ်၏ သန့်ရှင်းခြင်း

၈။ ဂုဏ်သတင်း ကျော်စောခြင်း

၉။ ငတ်မွတ်ခေါင်းပါးခြင်းတို့မှ လွတ်မြောက်ခြင်း

၁၀။ အခြွေအရံပေါများခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ထို့အပြင်ရေလှူဒါန်းရခြင်း အတွက်လည်း    

၁။ သန့်ရှင်း   စင်ကြယ်ခြင်း

၂။ ထင်ရှားကျော်ကြား လူသိများခြင်း 

၃။ အခြွေအရံ ပရိသတ်ပေါများခြင်း   

၄။ သွက်သွက်လက်လက် လျင်မြန်ခြင်း

၅။ ဆာလောင်မွတ်သိပ်မှုကင်းခြင်း

၆။ အသက်ရှည်ခြင်း

၇။ အဆင်းလှခြင်း

၈။ ချမ်းသာကြီးခြင်း

၉။ ခွန်အားဗလကြီးခြင်း

၁၀။ ဉာဏ်ပညာကြီးမားခြင်း

၁၁။  တောင်ထိပ်မြေပြင် သစ်ပင်ဖျား ကောင်းကင်တို့၌ပင် ရေကိုလျင်မြန်စွာ ရနိုင်ခြင်း

၁၂။ မိုးခေါင်သော အရပ်၊ နေပူလွန်းသောအရပ် ၊ ရေရှားသော အရပ်ဒေသတို့၌ မဖြစ်ရခြင်း

၁၃။ အလိုရှိ၍ တလိုက်လျှင် မိုးရွာပေးခြင်း

၁၄။ ခန္ဓာကိုယ်၌ ပူလောင်မှု အိုက်စပ်မှုမရှိခြင်း

၁၅။ ခန္ဓာကိုယ်၌ မြူမှုန် မကပ်ညိခြင်း

၁၆။ အထူး စင်ကြယ်သော စိတ်ရှိခြင်း

၁၇။ ယုတ်မာသောစိတ်ထားမှ ကင်းရှင်းခြင်း စသော အကျိုး ကျေးဇူးများ ရရှိနိုင်ပါသည်။

ထို့ကြောင့် ယခုလို အချိန်ကာလတွင် မိမိတို့ တတ်အားသရွေ့ အလှူငွေများ ထည့်ဝင် ကာ ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသရှိ နှစ်ပေါင်းကိုးရာကျော်ကာလမှတစ်ကြိမ် ရေကန်များ ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင် သည့် အခွင့်အရေးအား လက်မလွတ်စေရေး ကုသိုလ်ပြု၍ ‘သဒ္ဓါကြည်ဖြူ၊ ရေကန်များ ဆယ်လှူ၊ ကုသိုလ်ယူ’ နိုင်ခွင့်အား တိုက်တွန်းနိုးဆော်အပ် ပါသည်။     ။

          အောက်ပါ လိပ်စာများသို့ ဆက်သွယ်လှူ ဒါန်းနိုင်ပါသည်-

၁။   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့။  ဖုန်း- ၀၉ ၅၀၆၁၈၃၂

၂။   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊  ပုဂံဌာနခွဲ၊ ဖုန်း-၀၉ ၂၅၉၁၄၅၆ ၅၁

၃။   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ 

      ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဖုန်း-၀၆၇-၃၄၀၈၄၅၁

အကိုးအကား

၁။   ချစ်သိန်း၊ ဦး             -  မွန်ကျောက်စာပေါင်းချုပ်၊ ၁၉၆၅ ခုနှစ်၊ ရန်ကုန်။

၂။   မင်းဘူးအောင်ကြိုင် -  မြတ်ဘုရားရွှေစည်းခုံ လက်ရာစုံ၊ ပထမအကြိမ်၊ ၂၀၀၂ ခုနှစ်၊ စာပေဗိမာန် ထုတ် ပြည်သူ့လက်စွဲစာစဉ်၊ ရန်ကုန်။