လုပ်ငန်းခွင်ရေရှည် တည်တံ့ရေး အလုပ်သမားများ ဘဝကို မြှင့်တင်ပေး

 

လုပ်ငန်းခွင်ရေရှည် တည်တံ့ရေး အလုပ်သမားများ ဘဝကို မြှင့်တင်ပေး

 

(အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဂုဏ်ပြုဆောင်းပါး)

    မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံသားများ  သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်တိုးမြှင့်ရေး  အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြသည်။  အမှန်တကယ် အလုပ်လိုအပ်နေသူများကို အလုပ်ခန့်ထားပေးနိုင်မှုသည် ပြည်သူအများစု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေးကို အလေးထားခြင်းဖြစ်သည်။ အလားတူ       ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍတွင် အဓိကအင်အားဖြစ်သည့်     အလုပ်သမားများ၏ ကျွမ်းကျင်မှု အတွေ့အကြုံ၊ လုပ်သားအင်အား ခါးဆက်မပြတ်ရေးမှာ ပဓာနကျပြီး စည်းကမ်းကောင်းမွန်သော ကျွမ်းကျင်လုပ်သားများ၏    လုပ်ငန်းကျွမ်းကျင်မှုများသည်     အခြေခံအကျဆုံး လုပ်ငန်းခွင်များကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာ၊ အရင်းအနှီးများ ပိုမိုရရှိရေးအတွက် အထူးစီးပွားရေး ဇုန်များ၊ စက်မှုဇုန်များ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ လိုသူများစွာကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းခွင်တည်ငြိမ်မှုရှိသော ပြည်တွင်း/ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများကို ဖြည့်ဆည်းဖော်ဆောင် ပေးလျက်ရှိသည်။   အလုပ်သမားများအတွက်   သင့်လျော်သည့် အလုပ်အကိုင်တိုးမြှင့်ရရှိရေး ကြိုးပမ်းမှုအဖြစ်   ပြည်တွင်း/ပြည်ပအလုပ်အကိုင် ရှာဖွေပေးရေး၊ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရေး၊ ပြည်တွင်း အလုပ်သမားများ၏ အနည်းဆုံးအခကြေးငွေဆိုင်ရာ    လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို     အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အလုပ်အကိုင်အခြေအနေများ တိုးတက်ကောင်းမွန် လာစေရေး   အလုပ်သမား၊  အစိုးရနှင့် အလုပ်ရှင် သုံးပွင့်ဆိုင်  ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရနှင့် အတူ  ILO အဖွဲ့ကြီးမှ    ပါဝင်ကူညီပေးလေ့ရှိသည်။

ILO ၏ ဦးတည်ချက်နှင့်အညီ     အဖွဲ့ဝင်နိုင်ငံများကို ကျွမ်းကျင်အကူအညီ၊ နည်းပညာအကူအညီနှင့် ပညာသင်ဆုများပေးလျက်  အားဖြည့်ကူညီခြင်းများ ဆောင်ရွက်ပေးသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့၏ညီလာခံကို    တစ်နှစ်တစ်ကြိမ် နှစ်စဉ်ကျင်းပလေ့ရှိပြီး အုပ်ချုပ်ရေးအဖွဲ့ကို ရွေးချယ်တင်မြှောက်ပေးခြင်း၊    ညီလာခံမှ ရရှိသော သဘောတူညီချက်များ၊  အကြံပြုချက်များဖြင့် အလုပ်သမားစံနှုန်းများနှင့်  အလုပ်သမားဥပဒေများကို အတည်ပြု သတ်မှတ်ပေးလေ့ရှိသည့်    ILO အဖွဲ့ကြီး၏   လူမှုတရားမျှတရေး လုပ်ဆောင်ချက်များသည်   အရေးပါ အရာရောက်နေဆဲဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ    အလုပ်သမားရေးရာ အဖွဲ့

International   Labour   Organization (ILO))ကို     ၁၉၁၉  ခုနှစ်တွင်   စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်ကို     လေ့လာသိရှိရသည်။

ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းခဲ့သော ILO အဖွဲ့ကြီးသည်  နိုင်ငံများ၏ အလုပ်သမားရေး ကိစ္စရပ်များတွင်  လူမှုရေးတရားမျှတမှုကို ရှေ့ဆောင်ရှေ့ရွက်ပြုရေး၊  ထာဝစဉ်တည်တံ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကို  အထောက်အကူပြုရေး ကိစ္စများကို အလေးထား ဆောင်ရွက်ပေးခဲ့သည်။ အလုပ်သမားများနှင့် ပတ်သက်သော    လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် လူနေမှုစနစ်များ တည်ငြိမ်ရေးတို့ကို အလေးထားသဖြင့် အပြည်ပြည်ဆိုင်ရာ  အစိုးရများ၊  သမဂ္ဂများနှင့် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော ညီလာခံများ ကျင်းပပြီးအလုပ်သမားများ၏ အရေးကိစ္စများကို   ညှိနှိုင်းဆွေးနွေးပေးခဲ့သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။

အလုပ်သမားအရေးသည်  နိုင်ငံ့အရေးကိစ္စဖြစ်သည်။ ပြည်တွင်း/ပြည်ပအလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ အလုပ်သမားခံစားခွင့် ပြည့်ပြည့်၀၀ရရှိရေး၊ အလုပ်သမားရေးရာ ပဋိပက္ခများချုပ်ငြိမ်းရေး ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးကြရသည်။ မြန်မာနိုင်ငံအနေဖြင့်     ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများဖြစ်သည့် အစိုးရကဏ္ဍ၊  ပုဂ္ဂလိက ကဏ္ဍများမှ အလုပ်အကိုင် ပိုမိုရရှိရေး နှစ်အလိုက် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း   တွေ့ရှိရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်း လိုအပ်ချက်များတွင် လုပ်သားလိုအပ်ချက်မှာ ဟင်းတစ်ခွက်တွင် မပါမဖြစ် ဆားတစ်ပွင့်ပမာ တူညီသည်။ ပြည်ပနိုင်ငံ အသီးသီးမှ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်အလုပ်သမားများ တရားဝင်ခေါ်ယူရခြင်း ဈေးကွက်များဖြစ်ထွန်း အောင်မြင်လာခဲ့သည်။ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအချို့သည်  အိမ်တွင်းမှု အထောက်အကူပြု အလုပ်နေရာများဖြစ်သည့် အိမ်တွင်းဧည့်ကြိုများ၊ သန့်ရှင်းရေးအလုပ်သမားများ၊   ယာဉ်မောင်းများ၊ ချက်ပြုတ်သူများ၊ ကလေးသူငယ် စောင့်ရှောက်ပေးရသူများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ပေးရသူများ၊ လုံခြုံရေးဝန်ထမ်းများ  အစရှိသည့် အလုပ်အမျိုးအစားများတွင် ပါဝင်လုပ်ကိုင်လာကြသည်ကို တွေ့ရှိရသည်။  ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြသည့်  အလုပ်သမားများကို လေ့လာဆန်းစစ်ကြည့်လျှင်  အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊    လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့်      လုပ်ခလစာပိုမို ရရှိသည့်နိုင်ငံများကို ရွေးချယ်သွားလာနေကြခြင်းဖြစ်သည်။ နိုင်ငံအလိုက် ရေခံမြေခံသဘောတရား၊  နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေး အခြေအနေများကြောင့်  တစ်နိုင်ငံချင်းစီ၏ အလုပ်သမားရပိုင်ခွင့် အခွင့်အရေးများလည်း မတူကွဲပြားနိုင်သည်။

အလုပ်သမားများသည် နိုင်ငံတစ်နိုင်ငံ၏ လုပ်အားရင်းမြစ်ဖြစ်ပြီး မိခင်နိုင်ငံနှင့်အလုပ် လက်ခံပေးသောနိုင်ငံများ၏ ရေရှည်အကျိုးစီးပွား ဖွံ့ဖြိုးရေးကို အဓိကမောင်းနှင်ပေးလျက်ရှိသည်။  ထို့ကြောင့် ပြည်တွင်း အလုပ်သမားများနှင့် ရွှေ့ပြောင်းသွားလာနေကြသည့်      ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝအာမခံချက်နှင့်   လူမှုဘဝလုံခြုံစိတ်ချရသော အခြေအနေကောင်းများ ရရှိရေးမှာ လွန်စွာအရေးပါလာခဲ့သည်။ စက်ရုံ၊  အလုပ်ရုံလုပ်ငန်းခွင်များတွင်  အလုပ်သမား ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ပြဋ္ဌာန်းထားသည့် အလုပ်သမားဥပဒေနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့်   အလုပ်သမားရေးရာ ပြဿနာများ ဖြေရှင်းပေးခြင်းများ  စဉ်ဆက်မပြတ်   ဖြစ်ထွန်းအောင်မြင်မှုရှိရန် လိုအပ်သည်။

ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် ပွင့်လင်းမြင်သာရှိသည့် ခေတ်ကိုအမီလိုက်လျက် တစ်ဟုန်ထိုး တိုးတက်နေသော  အလုပ်သမားများ၏ စီးပွားရေးအရွေ့ပင်ဖြစ်သည်။ ကမ္ဘာကြီးသည် ခေတ်မီတိုးတက်ခြင်းဖြင့်    စက်မှုနည်းပညာနယ်ပယ် အသီးသီးကို ကျော်လွှားရောက်ရှိသည့်တိုင်  အသိဉာဏ်ရှိသော လူ့စွမ်းအား အရင်းအမြစ်များကို အသုံးပြုနေရဆဲဖြစ်သည်။  သတင်းအချက်အလက်နှင့်  ဆက်သွယ်ရေး နည်းပညာများ တိုးတက်လာခြင်းကြောင့်  ကမ္ဘာကြီးသည် ရွာတစ်ရွာပမာ တည်ရှိလာခဲ့သည်။ နည်းပညာနယ်ပယ်အသီးသီးတွင်လည်း  စက်ကိုထိန်းချုပ်နိုင်သည့် လူသားအကူအညီများ၊ ကျွမ်းကျင်အလုပ်သမားများ၏ စွမ်းပကားများမှာ ထိပ်ဆုံးရောက်ရှိလာခဲ့သည်။

သို့ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင် လမ်းကြောင်းမှ    သွားရောက် အလုပ်လုပ်ကိုင်ရေး သတင်းအချက်အလက်၊ အသိပညာများ ကျယ်ပြန့်စွာ သိရှိနားလည်ရန်  လိုအပ်လှသည်။  အလုပ်သမား များသည် မသိနားမလည်ဖြင့် တရားမဝင်အလုပ်သမားစေလွှတ်ရေး အေဂျင်စီများနှင့်  အလုပ်ပွဲစားများကို ဆက်သွယ်ကြလေ့ရှိသဖြင့် အလိမ်ခံရနိုင်ဖွယ် ရှိကြောင်း သတိပြုကြရမည်။ အလုပ်သမားစေလွှတ်ရေး အေဂျင်စီများမှလည်း လူစုဆောင်းမှု အစီအစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရမည်။  သို့မှသာ    ရွှေ့ပြောင်းအလုပ်သမားများအတွက်    ခေါင်းပုံဖြတ်မှုကင်းဝေးခြင်း၊ ကုန်ကျစရိတ်အနည်းဆုံး ဖြစ်ခြင်း အစရှိသော တရားမျှတမှုများ ရရှိစေမည်ဖြစ်သည်။   ရွှေ့ပြောင်းအလုပ်သမားများအတွက်  ရွှေ့ပြောင်းသွားလာမှု လုံခြုံရေး၊ အလုပ်သမား ဥပဒေပါအတိုင်း ခံစားခွင့်များရရှိရေးမှာ လွန်စွာ အရေးကြီးလှသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး   ထိုင်း၊  မလေး၊ ကိုရီးယားကဲ့သို့ နိုင်ငံကြီးများတွင်    အလုပ်သမားအရေး ဖြေရှင်းပေးနိုင်မည့် အလုပ်သမား သံအရာရှိများ စေလွှတ်ထားရှိပေးခြင်း၊ နိုင်ငံတကာ အလုပ်သမားရေးရာ စံသတ်မှတ်ချက်များကို အလေးထားရှိခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏   အလုပ်သမားဥပဒေနှင့် အမိန့်ညွှန်ကြားချက်များနှင့်အညီ အလုပ်သမားများ အရေး ကူညီဖြေရှင်းပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘာသာစကား အခက်အခဲ၊ လုပ်ငန်းခွင် အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် စကားပြန်များ ထားရှိပေးခြင်းနှင့်  သက်ဆိုင်ရာ သံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းများ ကူညီဆောင်ရွက် ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်လေ့လာ သိရှိရသည်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားများ  အချိန်မတိုင်မီ  သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊  ရောဂါ တစ်မျိုးမျိုး ခံစားခြင်းများမဖြစ်စေရန်   လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ရပိုင်ခွင့်များကို  အလုပ်ရှင်ဘက်မှစီစဉ် ဆောင်ရွက်ပေးရပြီး  လုပ်သားများဘက်မှလည်း  လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏  ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များကို လိုက်နာရန် လိုအပ်သည်။ လုပ်ငန်းခွင်မတော်တဆမှုနှင့် ရောဂါဖြစ်ပွားမှုလျှော့ချရေး ဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများမှ မှန်ကန်သော အသိအမြင်၊ အတွေးအခေါ်ဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို    လေးစားလိုက်နာရန်လိုအပ်သည်။ ထို့အတူပင်  အလုပ်ရှင်၊  မန်နေဂျာ၊ အလုပ်သမားများ၏   လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိအမြင်များ မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို  အခါအားလျော်စွာပြုလုပ်ပေးခြင်းဖြင့် ဘေးကင်းလုံခြုံသော ဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် စံချိန်မီထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မည့်အပြင်  နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းလျက် ဂုဏ်သိက္ခာရှိသော တာဝန်ယူမှု၊  တာဝန်ခံမှုရှိသော လုပ်ငန်းခွင်အဖြစ် ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါကြောင်း   ယုံကြည်လျက် မေလ ၁ ရက်တွင်      ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။    ။

ထက်ဝေအောင်  (စစ်ကိုင်း)