ပုဂံရှေးဟောင်းနယ်မြေဘုရားစေတီများ Pagoda Digital Directoryတပ်ဆင်ထားမှုနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် စစ်ဆေး

 

ပုဂံရှေးဟောင်းနယ်မြေဘုရားစေတီများ Pagoda Digital Directoryတပ်ဆင်ထားမှုနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် စစ်ဆေး

 

နေပြည်တော်  ဧပြီ  ၃၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့ သည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ဘုရားများ၏သမိုင်းကြောင်း၊ အချက်အလက် များ၊ အနုလက်ရာ ဗိသုကာအမွေအနှစ်များကို Online ၊ Offline တို့ဖြင့် လေ့လာနိုင်ရန်အတွက် Pagoda Digital Directory ပြုလုပ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည်။  

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန် အတွက် ပထမ အဆင့်အနေဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားအပါအဝင် ကိုးဆူကို စတင်ဆောင်ရွက်ခဲ့ပြီး ပဲခူး မြို့ရှိ ရွှေမော်ဓောဘုရားကို ထပ်မံထည့်သွင်း ၍ ၎င်းဘုရား ၁၀ ဆူတို့၏ Pagoda Digital Directory အဖြစ် ၂၀၂၃ ခုနှစ် သြဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ Pagoda Digital Directory အဖြစ် website များပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကွန်ပျူ တာတက္ကသိုလ် (ပြည်၊ မကွေး၊ တောင်ငူ၊ သထုံ)ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း  မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားများအတွက် ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နောင်လာနောက်သား မျိုးဆက်သစ်များ အနေဖြင့် မိမိတို့၏ဘာသာ၊ သာသနာရေးနှင့် ပတ်သက်၍ အလွယ်တကူ သိရှိဖတ်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က ဘုရားစေတီတွင် Pagoda Digital Directory ပြုလုပ်တပ်ဆင်ခြင်း သည် အလွန်ကောင်းမွန်သည့်အစီအစဉ်ဖြစ်သဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် Pagoda Digital Directory ဦးဆောင် ဆောင်ရွက်နေသော ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့ အဖွဲ့ဝင် ဦးလှမြင့်က ဘုရားစေတီ ၁၀ ဆူတွင်  Pagoda Digital Directory  ဆောင်ရွက်နေမှု၊ ဘုရားစေတီ  သမိုင်းဆိုင်ရာ အချက်အလက်များ၊ အထင် ကရသိမှတ်ဖွယ်ရာများ၊ ထင်ရှားကျော်ကြား သည့် အထိမ်းအမှတ်များ  စသည်တို့နှင့် ပတ်သက်၍ Online ၊ Offline ဆောင်ရွက် နေမှုကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ဧရိယာ ၁၁ ပိုင်းခွဲ၍ ဘုရားစေတီ၊ သာသနိကအဆောက်အအုံ တို့၏ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်၊ ချုံနွယ်၊ ညောင်ပင်၊ ကန္တာရပင်များ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ဘုရား၊ စေတီ၊သာသနိက အဆောက်အအုံ ၂၇၅၇ ဆူ၏ အခြေအနေများကို   ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ကမ္ဘာလှည့် ခရီးသည်များနှင့် ပြည်တွင်းခရီး သွားများ၊ ဘုရားဖူးများ ပုဂံရှုခင်းကြည့်ရှုနိုင် ရန် ယာယီတည်ဆောက်ထားသော ရှုခင်း ကြည့်တောင်ကုန်း လေးခုရှိသည့်အနက် ကိုမောက်ကန်နှင့်  ဖိုးသူတော်ကန်တို့၏ ပတ်ဝန်းကျင်နေရာများနှင့် ရွာဟောင်းကြီး ဘုရားတွင် Archaeological Survey of India-ASI  အဖွဲ့က နံရံဆေးရေးပန်းချီနှင့် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေး သည်။ 

ယင်းနောက် Archaeological Survey  of India-ASI  အဖွဲ့၏ သိကြားပုန်းဘုရား ပြုပြင်ထိန်းသိမ်းမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပြီး ရုပ်ပွားတော်မြတ်နှင့် ဘုရားအမှတ်  (၂၀၇) တိဿဘုရားနှင့်   ဘုရားအမှတ် (၂၁၁) တို့ကို သွားရောက်ဖူးမြော် ကြည်ညိုသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ရွှေစည်းခုံ စေတီတော်တွင် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အရ Digitization ပြုလုပ်၍ Touch Screen ဖြင့်  ပြသထားသည့် ကျန်စစ်သားမင်း  အတ္ထုပ္ပတ္တိကျောက်စာတိုင်ကို    သွားရောက်ကြည့်ရှု စစ်ဆေး၍ ဘုရားဂေါပကအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မူရင်းကျောက်စာတိုင်အား စနစ်တကျ ထိန်းသိမ်းသွားရန်   မှာကြားသည်။ 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အဆောက်အဦ ဦးစီးဌာနက   တည်ဆောက်နေသော ညောင်ဦးမြို့တော်ခန်းမ တည်ဆောက်ရေး လုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည်  မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့   ရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန ရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တာဝန်ယူဆောင်ရွက်ခဲ့သည့်  ကျောက်ပန်းတောင်းမြို့နယ် ဇလင်းတောင်ရွာရှိ ထောက်ရှာကန်ကို လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ရန်ပုံငွေဖြင့်  ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် တာဝန်ယူဆောင်ရွက်ခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ် ရွာလတ်ကျေးရွာရှိ  ညောင်ကန်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးနှင့်  တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည်   ကျောက်ပန်းတောင်းမြို့နယ်   စိတ္တပါလ ဂူကျောင်းစာသင်တိုက်တွင်   စိတ္တပါလ ဂူကျောင်းဆရာတော်နှင့် သုခဝတီစာသင်တိုက် ဆရာတော်တို့အား ဖူးမြော်ကြည်ညိုခဲ့ပြီး  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍   သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ကျောက်ပန်းတောင်းမြို့နယ် မြို့ရေပေးဝေရေး လုပ်ငန်းသို့ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး    လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။