တတိယမြောက် လေယာဉ်တင်သင်္ဘောကို ပထမအကြိမ်အဖြစ် တရုတ် မောင်းနှင်စမ်းသပ်

 

တတိယမြောက် လေယာဉ်တင်သင်္ဘောကို ပထမအကြိမ်အဖြစ် တရုတ် မောင်းနှင်စမ်းသပ်

 

    တရုတ်နိုင်ငံသည် Fujian  ဟုအမည်ပေးထားသည့် ၎င်းတို့၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကို မေလ ၁ ရက် နံနက်တွင် ပထမအကြိမ်အဖြစ် ရေချ၍ မောင်းနှင်စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတစ်ခုက ထုတ်ပြန်သည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် လျောင်းနင်၊ ဒုတိယမြောက် ရှန်တုန်းတို့အား ထုတ်လုပ်ပြီးနောက် နောက်တစ်ဆင့်အဖြစ် ပစိဖိတ်ဒေသကို ကျော်လွန်၍ အင်အားဖြန့်ကြက်နိုင်ရန်အတွက် Fujian လေယာဉ်တင်သင်္ဘောအား ဆက်လက် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ယခုပထမဆုံးအကြိမ်ပြုလုပ်သည့် ရေချ မောင်းနှင်စမ်းသပ်မှုတွင် အဓိကအားဖြင့် လေယာဉ်တင်သင်္ဘော၏ တွန်းကန်မောင်းနှင်နိုင်စွမ်းနှင့်  လျှပ်စစ်စနစ်များ  ကောင်း၊ မကောင်း စမ်းသပ်ရန်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏    ရေတပ်အင်အား အဆင့်မြှင့်တင်ခြင်းသည် တရုတ် (တိုင်ပေ) အပါအဝင် တောင်တရုတ်ပင်လယ်အနီးရှိ ဒေသများအပေါ် တရုတ်၏ ထိန်းချုပ်လွှမ်းမိုးမှုကို တိုးမြှင့်နိုင်ရန် အတွက်ဖြစ်ပြီး ယခုရေချစမ်းသပ်ခဲ့သည့် Fujian လေယာဉ်တင် သင်္ဘောသည် တရုတ်ရေတပ်၏ အကြီးမားဆုံးသော မျက်နှာပြင်တိုက်ခိုက်ရေး သင်္ဘောဖြစ်လာမည့် အလားအလာရှိကြောင်း သိရသည်။

Fujian  လေယာဉ်တင်သင်္ဘောတွင် ပိုမိုခေတ်မီသည့် လေယာဉ်မောင်းနှင် ထွက်ခွာရေး စနစ်များကို တပ်ဆင်ထားနိုင်သောကြောင့် တရုတ်လေတပ်အနေဖြင့် လောင်စာနှင့် အလေးချိန်များကို ပိုမိုသယ်ဆောင်နိုင်သည့် တိုက်လေယာဉ်များကို ဖြန့်ကြက် အသုံးပြုလာနိုင်ကြောင်း  ဝါရှင်တန်အခြေစိုက် အကဲဖြတ်လေ့လာရေး အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။