Aukus အဖွဲ့သို့ ပူးပေါင်းရန် ဆွေးနွေးပွဲများ ကျင်းပလျက်ရှိဟု တောင်ကိုရီးယားပြော

 

Aukus အဖွဲ့သို့ ပူးပေါင်းရန် ဆွေးနွေးပွဲများ ကျင်းပလျက်ရှိဟု တောင်ကိုရီးယားပြော

 

    တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်၊ ဗြိတိန်နှင့်   သြစတြေးလျနိုင်ငံတို့ကြား ချမှတ်ထားသည့် Aukus သုံးနိုင်ငံ ကာကွယ်ရေး သဘောတူညီချက်အဖွဲ့သို့ ပူးပေါင်း ရန်အတွက် သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေးပွဲများ  ကျင်းပလျက်ရှိကြောင်း တောင်ကိုရီးယား  ကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ဆစ်က မေလ ၁ ရက်တွင် ပြောသည်။

ဗကုကျ အဖွဲ့ကို အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ကြား ၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အဆင့်နှစ်ဆင့်ပါ ကာကွယ်ရေး သဘောတူညီချက်တစ်ရပ် ဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ အာရှ-ပစိဖိတ်ဒေသအတွင်း၌ ကြီးထွားလာသည့် တရုတ်၏အင်အားကို ထိန်းချုပ်ရန်ဖြစ်သည်။

ထို့ပြင် Aukus အဖွဲ့၏ အဆင့်နှစ်ဆင့် အနက် ပထမအဆင့်မှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် သြစတြေးလျအား နျူကလီးယား ရေငုပ်သင်္ဘောနည်းပညာကို ပေးအပ်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင်မူ စစ်ရေးနည်းပညာများကို ဝေမျှနိုင်ရေးအတွက် အခြားနိုင်ငံများအား Aukus အဖွဲ့သို့ပူးပေါင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်ဖြစ်သည်။

တောင်ကိုရီးယားအနေဖြင့် Aukus အဖွဲ့တွင် ပူးပေါင်းပါဝင်ခြင်းအားဖြင့် ဒုတိယအဆင့်ဖြစ်သည့် ကာကွယ်ရေး၊ သိပ္ပံနှင့် နည်းပညာ စွမ်းဆောင်ရည်များကို အခြားနိုင်ငံများသို့ ဝေမျှပေးနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး  ရှင်ဝမ်ဆစ်က  မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကောင်းမွန်သော ဆက်ဆံရေးများကို ထိန်းသိမ်းထားနိုင်ပြီး လက်ရှိတွင် ကာကွယ်ရေး ကဏ္ဍ၌လည်း ဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် တောင်ကိုရီးယား နိုင်ငံအား ကနေဒါ၊ နယူးဇီလန်နှင့် ဂျပန်နိုင်ငံတို့နှင့်အတူ Aukus အဖွဲ့၏ ဒုတိယအဆင့်တွင် ပါဝင်နိုင်မည့် အလားအလာရှိ  နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။