အောင်ရဲ့အောင်
ယမန်နေ့မှအဆက်
“ကိုအောင်က ဘာပေးသလဲ”
“ကျွန်တော် ကိုလတ်ဆီကို စာတွေရေးဖို့တဲ့ ဖောင်တိန်လေ၊ ပတ်ကား ၂၁ မီးခိုးရောင်လေး၊ အဲဒါ အဖိုးတန်မယ်ထင်တယ်နော်၊ တစ်ရာနီးပါး ကျမလား”
“မပြောတတ်ဘူး၊ သူ ဘယ်တုန်းကသွားဝယ်လိုက်သလဲ မသိဘူး၊ ကိုအောင်ပေးတာနဲ့ ကိုယ်ပေးတာနဲ့ အတူတူပဲနော်”
“ထားပါတော့”
အောင်က ရယ်မိပြန်သည်။
ကိုလတ်က သူတစ်ယောက်တည်း လက်ဆောင်ယူမလာရတာကို စိတ်မကောင်းဖြစ်နေပုံရသည်။
တစ်ခါတစ်ခါကျတော့လည်း ကိုလတ်သည် ဘာမဟုတ်တာလေးကို ချီတုံချတုံဖြစ်တတ်သည်။
အခန်း(၄၂)
“အောင့်စိတ်ထဲမှာ ဘယ်လိုမှ စိတ်မကောင်းမဖြစ်တာ၊ စိတ်မထိခိုက်တာ ကိုလတ်မသိဘူးလား” ထုတ်ပြောရရင်လည်း သမီးရည်းစားတွေအပြု အမူလိုဖြစ်သွားမည်စိုးသောကြောင့် အောင်က ဘာပြော ရမှန်းမသိ နှုတ်ဆိတ်နေသည်။
အမှန်က အောင့်မွေးနေ့လို့ ပြောဖိတ်တာမှမဟုတ်ဘဲ။
သည်လိုပေးနေကြမှာကို အောင်ကလည်း သိပ်အားနာတာပဲတဲ့။
လူတွေရဲ့အခြေအနေကလည်း ကိုအောင်ကလွဲလို့ အကုန် ကျပ်ကျပ် တည်းတည်းပဲ။
ဗလနဲ့ ဒေဝဆိုရင် နှစ်ယောက် ကတ်သီးကတ်သတ် ပိုက်ဆံစပ်ပြီး မျက်နှာသုတ်ပဝါတစ်ထည် ဝယ်ပေး သည်။
မမစံနှင့် ဆန်းဆန်းမြင့်တို့ကလည်း နှစ်ယောက်ပေါင်း ဖော့ရှပ်ရေညှိ စိမ်းရောင် အင်္ကျီစ၊ ချောစုကသာ အိမ်ကငွေပို့သမို့ အောင့်အတွက် ရေညှိရောင် လေယာဉ်မောင်ထဘီတစ်ထည်ဝယ်ပေးသည်။
သူက ဝယ်လာတဲ့ အဝတ်အထည်တွေတောင် မဝတ်ရက်ပါဘူး။
ရုံးချိန်ကြီး ပြန်လာမိကြလို့တဲ့။
နံပါတ် ၈ ကား ဟီးနိုးလေးတွေက စောင်းနေတာ မှောက်လုမတတ်ဘဲ။
လူတွေ ဒါလောက်ပြည့်သိပ်နေတာ။
ဆန်းဆန်းမြင့်ဆိုတာ မိန်းကလေးတန်မဲ့နဲ့ ကားခြေနင်းခုံပေါ်မှာ ခြေ တစ်ဖက်ပဲ နင်းခွင့်ရတာ။
မှတ်တိုင် နှစ်တိုင်အထိ အသက်ဘယ်လိုရှူရမှန်းမသိဘူးတဲ့။ သူသာ ကားပေါ်က လိမ့်ကျသေသွားရင် အောင့်မွေးနေ့မှာ တကယ့်ငိုပွဲကြီး ဖြစ်မှာပဲလို့ စိတ်ကူးနုနုလေးတွေနဲ့ တသသပြောနေသေးတယ်။
သည်တော့မှ နေ့တိုင်း ရုံးတက်ရုံးဆင်း သွားလာနေတဲ့ မမစံကို သနား လိုက်တာတဲ့။
သူ့ခမျာ ခွင့်ရက်တွေက စေ့နေလို့ အောင့်မွေးနေ့တောင် မလာနိုင် ရှာဘူး။
အပြန်ကျမှ သူ့ကို ချိုင့်နဲ့ထည့်သွားရမယ်လို့ အောင်က တဖွဖွပြောနေ မိသည်။
ကားမှတ်တိုင်အဆင်း ခရစ္စတင်း၊ သူယောင်မယ်နဲ့ ပျာကလတ်တို့ ပါသွားတဲ့ လိပ်ခုံးကားဖြူလေးဟာ သူတို့နားက ပွတ်ကာသီကာဖြတ်မောင်း သွားလို့ ချောစုနှင့် ဆန်းဆန်းမြင့်တို့က ဆဲပင်ဆဲမိကြသေး သည်။
“အောင် ဘာစဉ်းစားနေတာလဲ”
ကိုလတ်က မေးလိုက်တော့ လက်ဆောင်ဝယ်ကြတဲ့အကြောင်းဖြစ် နေလို့ အားနာပြီး ခေါင်းသာ ခါယမ်း ပြလိုက်လေသည်။
“အောင် တစ်ခုခုစဉ်းစားနေပါတယ်”
ကိုလတ်က ဆက်မေးတော့မှ အောင်က အမှန်အတိုင်းပြန်ပြောပြ သည်။
ထို့နောက် ဘယ်လိုစကားစပ်သွားသည် မသိ။
ကိုလတ်က ကဗျာဆရာ တင်မိုးရဲ့ကဗျာကို ရွတ်ပြနေလေရဲ့။
ကိုလတ်က အသံသြဇာကောင်းလို့လား မသိဘူး။
သူ့ရဲ့ကြည်လင်အောင်မြင်တဲ့အသံနဲ့ ကဗျာရွတ်တာ သိပ်နားထောင် လို့ကောင်းတာပဲ။
ပြီးတော့ သူစကားသိမ်းသွားတာ လုံးထွေးမနေဘူး။ အဆုံးအထိ ပီပီ သသပဲ။
လက်ကျန်တစ်ပွင့်
သခင့်ခြံတွင်
တစ်ပွင့်ကျန်သော ပန်းကလေး။
မခူးအား၍
ဆူးကြား ကျန်ရစ်ခဲ့သလော။
မသုံးရက်၍
ဆူးထက် ချန်ခဲ့လေသလော။
မခူးလို၍
ဆူးညိုကြားတွင် သူ့ကံပင်ဟု
တမင်စွန့်ခဲ့လေသလော။
မည်သို့ဖြစ်စေ
သခင့်မြေ၌ ညနေရီနှင့်
လွမ်းအောင်ပွင့်သည်၊ တစ်ပွင့်ကျန်လေး
ပန်းကလေးကြောင့်
တေးသီငှက်ဆွေ၊ အဆွေးမြေ့သည်
နွေဦးဆန်းစ ရှာတကား။
ဆက်လက်ဖော်ပြပါမည်။