အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပ

ဘားအံ

၂၀၂၄ ခုနှစ် အလုပ်သမားနေ့ အခမ်းအနားနှင့် ပြည်နယ်ထုတ်ကုန်ပစ္စည်းများ MSME ပြပွဲကို ယနေ့နံနက် ၈ နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပသည်။

အလုပ်သမားနေ့ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက အလုပ်သမားဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများ Video Clip ကို အတူတကွ ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဝန်ဆောင်မှုကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍတို့တွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ရွှေကရင်အဖွဲ့၏ ဒိုးပတ်ဝိုင်း၊ ကျောင်းသား၊ ကျောင်းသူများက အလုပ်သမားနေ့သီချင်းဖြင့် တီးမှုတ် သီဆိုကပြ ဖျော်ဖြေကြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသော အသိပညာပေး လုပ်ငန်း လှုပ်ရှား ဆောင်ရွက်မှုပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား   လိုအပ်သည် များ မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော အလုပ်သမားနေ့ အထိမ်းအမှတ် ပြည်နယ်ထုတ်ကုန်ပစ္စည်းများ MSME ပြပွဲတွင် လူသုံးကုန်ဆိုင်ရာ MSME ထုတ်ကုန်များ၊ စားသောက်ကုန်ဆိုင်ရာ MSME ထုတ်ကုန်များ၊ ခရီးသွားလုပ်ငန်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာများ၊ ရိုးရာဝတ်ဆင်မှုဆိုင်ရာ MSME ထုတ်ကုန်များ၊ စိုက်ပျိုးရေး ဆိုင်ရာ MSME ထုတ်ကုန်များ၊ စက်မှုလယ်ယာ၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း အပါအဝင် စုစုပေါင်း ပြခန်းပေါင်း ၂၈ ခန်း အတွင်း MSME ထုတ်ကုန်များခင်းကျင်းပြသ ရောင်းချနေမှုများကို လှည့်လည် ကြည့်ရှု အားပေးခဲ့ကြ ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)

 

 မိုင်းဆတ်

၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်ဒေသတွင်း အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြခန်းများကို လိုက်လံကြည့်ရှု အားပေး ကြသည်။

အဆိုပါ မိုင်းဆတ်မြို့နယ်(MSMEs) လုပ်ငန်းဒေသထွက်ကုန်ပြပွဲ ပြခန်းများတွင် လက်ဖက်ခြောက် လုပ်ငန်း၊ လိမ္မော်ခြံလုပ်ငန်း၊ ကော်ဖီခြံလုပ်ငန်း၊  သင်ဖြူးဖျာ၊  ခြင်းတောင်း၊ ရိုးရာအသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ကုန်လုပ်ငန်း စသည်ဖြင့် ပြခန်း ၁၄ ခန်း ပါဝင်ပြသကြရာ အခမ်းအနား တက်ရောက်လာကြသူများက ဝယ်ယူကြည့်ရှု အားပေးကြသည်။

(ခရိုင်ပြန်/ဆက်)

 

တောင်ကြီး

၂၀၂၄ ခုနှစ် အလုပ်သမားနေ့ (May Day) အခမ်းအနားတွင် MSMEs ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်ကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

MSMEs ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ မြို့တော်ခန်းမတွင် အလုပ်သမားနေ့ (May Day) အခမ်းအနားကျင်းပရာ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၄ ခုနှစ် အလုပ်သမားနေ့သဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဖတ်ကြားပြီး အလုပ်သမားရေးရာ ဆောင်ရွက်ထားရှိမှုများအား Video Clip ဖြင့်ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အလုပ်သမား ရေးရာလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်းများ ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် MSMEs ပြခန်းများ အား   လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ MSMEs ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မေလ ၁ ရက်မှ ၃ ရက်အထိ ရောင်းချ သွားမည်ဖြစ်ကြောင်းနှင့် မြို့တော်ခန်းမ ဘေးပတ်လည်တွင် ညဈေးများ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ဟားခါး

ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပသော ချင်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသထုတ်ကုန်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးတပ်နယ် အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဒေသထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဒေသထုတ်ကုန်ပြပွဲမုခ်ဦးရှေ့၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မိမိတို့နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာသားငါးနှင့် သစ်တောကဏ္ဍဆောင်ရွက်သူ ၄၁ ရာခိုင်နှုန်းခန့် ရှိနေသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် သေချာသည့် ကုန်ထုတ်လုပ်ငန်းဖြစ်ပြီး ကမ္ဘာပေါ်ရှိဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း၊ ယနေ့ပြပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်း ဆောင်ရွက်ပေးကြသော တာဝန်ရှိသူများ အားလုံးအသိအမှတ်ပြုကြောင်းနှင့် ပြည်နယ် MSME  အေဂျင်စီ အနေဖြင့်လည်း လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက်၊ နည်းပညာလိုအပ်ချက်များကို စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်းပေးပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားရိုးရာ အကအဖွဲ့၏ ကပြ ဖျော်ဖြေမှုများနှင့် ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)

မြစ်ကြီးနား

ကချင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ MSME ဒေသထုတ်ကုန်ပြပွဲ၊ ဈေးရောင်းပွဲကို မေလ ၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ် ဝန်ကြီးများ ကပြပွဲနှင့်ဈေးရောင်း ပွဲတော် မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  ပြည်နယ် အတွင်းရှိ  MSME လုပ်ငန်းရှင်များက ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပြခန်းများကို လှည့်လည် ကြည့်ရှု အားပေးသည်။

ပြခန်းများကိုဈေးဝယ်သူများ၊ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိပြီး မေလ ၂ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပြည်နယ်(ပြန်/ဆက်)

 

ထားဝယ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမရှေ့၌ MSME ထုတ်ကုန်များပြပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးသည်။ ပြပွဲတွင် တိုင်းဒေသကြီးအတွင်းမှ ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများ၊ ဒေသ ထွက်ကုန်နှင့်  စားသောက်ကုန်များကို အရောင်းပြခန်းပေါင်း ၁၈ ခန်းဖြင့် ပြသထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

 

 လွိုင်လင်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ခရိုင်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ နံနက် ၉ နာရီက ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် လွိုင်လင်မြို့နယ် MSME လုပ်ငန်း ဒေသထွက်ကုန်ပြခန်းများ ပြသပွဲ ကျင်းပသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်း ထွဋ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒေသထွက်ကုန်ပစ္စည်းပြပွဲ ပြခန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လိုက်လံကြည့်ရှုအားပေး ကြသည်။

အဆိုပါ လွိုင်လင်မြို့နယ် MSME လုပ်ငန်း ဒေသထွက်ကုန်ပြပွဲ ပြခန်းများတွင် လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်ငန်း၊ အိမ်တွင်းမှု စားသောက်ကုန်လုပ်ငန်း၊ ကော်ဖီ၊ ပဲပုပ်၊ ဒေသဆန်နှင့် မိသားစု တစ်နိုင် တစ်ပိုင်အိုးလုပ်ငန်းများ ပါဝင်ပြသကြရာ အခမ်းအနား တက်ရောက်လာကြသူများက ဝယ်ယူ ကြည့်ရှု အားပေးကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

 

မိုင်းယောင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု နမ့်ယွန်းကျေးရွာ၌ ကမ္ဘာ့ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ထုတ်ကုန်ပစ္စည်းများ ပြပွဲကို မေလ ၁ ရက်တွင်ကျင်းပသည်။

ရှေးဦးစွာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဝင်းက ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြု သောအားဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ထုတ်ကုန် ပစ္စည်းများ ပြပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့်    အလတ်စားစီးပွားရေး (MSME) လုပ်ငန်း ထုတ်ကုန်ပစ္စည်းများ ပြပွဲတွင် ခင်းကျင်းပြသထားသော မြို့နယ်အတွင်းမှ MSME ဒေသထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။

ဝေေ၀ခိုင်(ပြန်/ဆက်)