အောင်ရဲ့အောင်
ယမန်နေ့မှအဆက်
အခန်း(၄၃)
ပန်းရုံတွေနားရောက်လာတော့ ကိုလတ် က...
“ဒီနားတစ်ဝိုက် ပန်းနံ့တွေနဲ့ မွှေးနေတာပဲ” ဟု ပြောလိုက်သေးသည်။
ပြောကြ၊ ဆိုကြရင်းနှင့် ကိုလတ်နှင့် အောင်တို့ ပန်းတွေကို ငုံ့ငုံ့နမ်းနေကြသည်။
ပန်းတွေကလည်း ညဘက်ပွင့်တော့ မည့်ဟန်ရေးပြနေကြတော့ အငုံများ ပွင့် အာစပြုလာလေပြီ။
ကိုလတ်နှင့် အောင်တို့ ခေါင်းချင်းဆိုင် မိကြသောအခါ ကိုလတ်က သစ်ပင်ကို အကွယ်အကာယူပြီး အောင့်ပါးကို ဖျတ် ခနဲနမ်းလိုက်သည်။
ပြီးတော့ သူဘာမှမလုပ်သလို ရှုတည်တည်နှင့် ဣန္ဒြေမပျက် ဟိုပန်းတွေ လက်ညှိုးထိုး၊ သည်ပန်းတွေ လက်ညှိုးထိုးနဲ့ စကားတွေပြောနေလေရဲ့။
အောင့်မှာသာ ဖျတ်ခနဲလန့်သွားပြီး စိတ်ထဲတုန်တုန်လှုပ်လှုပ်နဲ့ လူမိတဲ့သူခိုးလို ဟိုကြည့်သည်ကြည့် လုပ်နေမိတယ်။
အနားမှာ ဘယ်သူမှမရှိပေမယ့် ဘယ် လိုစိုးရိမ်သွားမှန်းမသိဘူး။
ဘယ်သူများ တွေ့သွားမလဲလို့ ရှက်လိုက်တာ။ လျှပ်တစ်ပြက်လောက်တောင် ကြာတာမဟုတ်ပေမယ့် ရင်ထဲတလှပ်လှပ် နဲ့ ခုန်နေတယ်။
ပြီးတော့ အောင်က ခေါင်းအသာငုံ့ပြီး ပန်းတွေခူးလိုက်တယ်။
ပန်းတွေမခူးမိဘဲ အရွက်တွေချည်းပဲ ခူးနေမိလို့ ကိုလတ်ကတောင် သဘောကျ ပြီး ရယ်သေးတယ်။
“ဒါ ကိုလတ် ပညာတွေပေါ့”
အောင်က ရန်ထောင်ပြန်တော့ ကိုလတ် က အောင့်ကိုမကြည့်ဘဲ မျက်နှာတည် လျက် သူပြောချင်တာ တွေ ဆက်ပြောလာ လေသည်။
ကိုလတ်ပြောလာသောစကားတွေမှာ တဖြည်းဖြည်းနှင့် လေးနက်လာပြန်တော့ အောင်သည် စိတ်အာရုံ စိုက်လျက် နားထောင်ရပြန်သည်။
စိတ်ကလည်း ဝင်စားလာမိသည်။
ဘယ်လောက်ဆိုးသည့် ကိုလတ်လဲ။ အနိုင်ယူတတ်သော ကိုလတ်လဲ။
ထို့နောက် အောင့်ကို သီချင်းတစ်ပုဒ် ဆိုပြမယ်တဲ့။ အချစ်သီချင်းလားဆိုတော့ ကိုလတ်က ခေါင်းကို ခါယမ်းပြလေသည်။
ထို့နောက် အသံမပါသောသီချင်းကို ကိုလတ်သည် အေးအေးသာသာ ရွတ်ပြနေသည်။
ရှေးအခါက သက်ဦးဆံပိုင် မင်းဧကရာဇ် ပဒေသရာဇ်တွေကို တော်လှန်သော သီချင်း ဖြစ်မည်ထင်သည်။
ကိုလတ်၏မျက်လုံးများသည် နေရောင်တွင် တောက်ပြောင်ဝင်းလက်နေသည်။ ကိုလတ်အသံမပါသော သီချင်းကို တခြားသီချင်းတွေထက် အောင်က စွဲမက်လေသည်။
သည်သီချင်းကို ကူးယူမယ်ဆိုတော့ သူ တို့နားရောက်လာသော ကိုအောင်က သူ့ လွယ်အိတ်ထဲက မှတ်စုစာအုပ်ကို ထုတ်ကာ မှတ်စုထဲက ထိုသီချင်းကူးရေးထား သောစာရွက်ကို လွယ်လွယ်ကူကူ စုတ်ပေး လိုက်လေသည်။
အောင်တို့အိမ်မှ သူတို့ပြန်သွားတော့ ယုဇန၊ ခွာဖြူနှင့် ဇွန်၊ စံပယ်ပန်းရုံတွေပေါ် သို့ လွှမ်းခြုံထားသော နေရောင်ခြည်ရွှေ ဝတ်ရုံတို့မှာ တစ်စတစ်စ ရုပ်သိမ်းသွား လေပြီတကား။
မကြာမီမှာဘဲ အချိန်ကာလဆိုတဲ့ ခြေလှမ်းတွေဟာ ညဘက်ကို ဦးတည်ခရီး နှင်ပြန်တော့မယ်။
အခန်း(၄၄)
မိုးရွာခါနီးလို့လားမသိ။
ထိုညက လမသာရုံမက ကြယ်ရောင် တွေပါပျောက်နေသည်။
ကုက္ကိုပင်နှင့် စိန်ပန်းပင်တို့သည် ညမီး ရောင်အောက်တွင် အရိပ်ကျသည့်အပိုင်း မှာ မည်းနေသည်။
အောင်တို့ခြေလှမ်းကား ယုဒသန် ရိပ်သာရှေ့ရောက်တော့ ပိုသွက်လာကြ သည်။
“ဒီနေ့က ခါတိုင်းထက် ပိုမှောင်လိုက်တာ”
အောင်ကပြောလိုက်သည်။
မိန်းကလေးဆိုလို့ မမစံ၊ ချောစု၊ ဆန်းဆန်းမြင့်နှင့် အောင်တို့လေးယောက်သာ ကျန်တော့သည်။
“နောက် ဒါလောက်မိုးချုပ်ကြီးမထွက် နဲ့ကွယ်၊ အပုပ်ချိန်ရောက်လာပြီ၊ အမူး သမားတွေနဲ့”
မမစံက သတိပေးလေသည်။
တစ်သိုက်ပြီးတစ်သိုက် အင်းလျားကန် ပေါင်ရိုးမှ ပြန်လာသောကျောင်းသားတွေ က အောင်တို့ အုပ်စုကို...
“မိုးချုပ်ပြီ၊ ပြန်ကြတော့လေ၊ စိတ်မချ ဘူး”
ချိတ်တိတ်တိတ်ပြောသွားကြသည်။
“နင်တို့အပူလားဟဲ့”
ဆန်းဆန်းမြင့်က ခပ်စွာစွာပြန်ပြော လိုက်တော့ ကျောင်းသားတစ်သိုက်က...
“ငါတို့က မပူပါဘူးဟာ၊ ပူတာက အမိ တို့ပါ”
“အေး...နင်တို့မပူပေမယ့် နင်တို့ အမေတွေ၊ နှမတွေပူတော့ ဒဖရင်ဆေးရုံ ကို လိုက်ပို့လိုက်ပေါ့”
အားလုံးက ဝေါခနဲရယ်ကြသည်။
သစ်ပင်အမှောင်ရိပ်ကွယ်ကာ ဖြတ်သွားကြသော ကောင်လေးတစ်သိုက်နှင့် ဆန်းဆန်းမြင့်တို့ အချီအချ စကားများနေကြလေသည်။
မမစံက ဆန်းဆန်းမြင့်၏ လက်မောင်း ကိုကိုင်ကာ...
“ဖက်ရန်မဖြစ်ကြပါနဲ့ကွယ်”
ပြောလိုက်သောစကားကို တစ်စွန်း တစ်စကြားရသော ကောင်လေးတွေက...
“ဖက်ချင်ဖက်ပါ၊ ရန်တော့မဖြစ်ပါနဲ့”
အောင်က လှမ်းအော်ပစ်ခဲ့ကာ ကျိတ်၍ ရယ်မောမိကြသေးသည်။
အပြန်မိုးချုပ်သဖြင့် ခပ်သုတ်သုတ်လှမ်း လာခဲ့ကြလေသည်။
ဂျက်ကိုစလိုဗက် သံအမတ်နေအိမ်သို့ ညွှန်ရာ အဝါရောင်ဆိုင်းဘုတ်ကြီးရှိရာ လမ်းထိပ်သို့ ရောက်လာ ကြလေ၏။
ထိုမြေနီလမ်းထိပ် အုတ်ခုံပေါ်ထိုင်နေသော ကောင်လေးနှစ်ယောက်သည် အောင် တို့လာရာသို့ ဗြုန်းစားကြီး ထလာကြလေရာ အောင်တို့တစ်သိုက် ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေကြသည်။
ဆက်လက်ဖော်ပြပါမည်။