အစ္စရေးနှင့် လုပ်ဆောင်သည့် ကုန်သွယ်မှု အားလုံးကို တူကီယဲဆိုင်းငံ့

 

အစ္စရေးနှင့် လုပ်ဆောင်သည့် ကုန်သွယ်မှု အားလုံးကို တူကီယဲဆိုင်းငံ့

 

    အစ္စရေးစစ်ဘက်က  ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေး ဆင်နွှဲနေစဉ် အဆိုပါ ဒေသအတွင်းသို့ အကူအညီပေးရေး ပစ္စည်းများအား အတားအဆီးမရှိ လွတ်လပ်စွာ ပို့ဆောင်ခွင့်မပြုသရွေ့  အစ္စရေးနိုင်ငံနှင့် လုပ်ဆောင်သည့်  ကုန်သွယ်မှု အားလုံးကို ဆိုင်းငံ့လိုက်ကြောင်း  တူကီယဲအစိုးရက ထုတ်ပြန်လိုက်သည်။

တူကီယဲနှင့် အစ္စရေးတို့ကြား လုပ်ဆောင်နေသည့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများကို လက်ရှိတွင် တူကီယဲအစိုးရက  ဆိုင်းငံ့လိုက်ပြီး ဂါဇာဒေသသို့ အကူအညီပေးရေး ပစ္စည်းများအား  ဝင်ရောက်ခွင့်ပြုသည်အထိ တူကီယဲက  ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း   တူကီယဲကုန်သွယ်ရေး ဝန်ကြီးဌာနက မေလ ၂ ရက်  ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

အစ္စရေးနိုင်ငံက တင်ပို့သော  ပို့ကုန်များနှင့် နိုင်ငံအတွင်းသို့    တင်သွင်းမည့် သွင်းကုန်များအား ပိတ်ဆို့လိုက်ခြင်းသည် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးထားသည့်  သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း  အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးက တူကီယဲသမ္မတ အယ်ဒိုဂန်အား အစောပိုင်းတွင် စွပ်စွဲခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းစစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ဖြစ်သည့်  ဟားမက်စ်အဖွဲ့အပေါ် အစ္စရေးက ဆင်နွှဲသည့် ဂါဇာစစ်ပွဲကြောင့် ယင်းဒေသအတွင်း၌ လူသားချင်း စာနာမှုဆိုင်ရာ  အကူအညီများ လိုအပ်လျက်ရှိရာ ယင်းဒေသ၌  ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂနှင့် အကူအညီပေးရေး အဖွဲ့အစည်းများက သတိပေးထားကြောင်း သိရသည်။