ကျောင်းများအားလုံး အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်

 

ကျောင်းများအားလုံး အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်

 

နေပြည်တော် မေ ၃

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ နှင့် အွန်လိုင်းမှ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊   ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇွန်လ ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာန  အသီးသီးရှိ  တက္ကသိုလ်နှင့်ကျောင်းများအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများ အနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းထဲရောက်ရှိစေရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းမဖွင့်မီ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်

ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ကြပြီး ကျောင်းဝင်းအတွင်း ချုံနွယ်ပိတ်ပေါင်းများ၊ မြက်ရိုင်းပင်များကိုရှင်းလင်း ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျောင်းများမဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝပြန်လည် ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ၏တာဝန်ကို ပခုံးပြောင်းတာဝန်ယူမည့်သူများမှာ လူငယ်များဖြစ်၍ ကောင်းမွန်သော အလေ့အကျင့်နှင့် အကျင့်စရိုက်ကောင်းရှိသည့် လူငယ်များကို မွေးထုတ်သင်ကြားပေးစေလိုပါကြောင်း၊ ဘာသာရပ်သင်ကြားရုံမျှသာမဟုတ်ဘဲ ကျောင်းသားလူငယ်များကို ယဉ်ကျေးလိမ္မာအောင်၊  အကျင့်စာရိတ္တ ကောင်းမွန်အောင်၊ မျိုးချစ်စိတ်၊  နိုင်ငံချစ်စိတ် ရှိအောင်  သွန်သင်ဆုံးမပြုစု ပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဧပြီလ ၂၂ ရက်တွင်  ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သော လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အမျိုးသားအားကစား ပွဲတော်တွင်  ပါဝင်ဆင်နွှဲနိုင်ရန် တစ်နိုင်ငံလုံးရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဆရာအတတ်ပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် အားကစား စသည့်အားကစားနည်းပြိုင်ပွဲများကို  ကျင်းပကြရမည်ဖြစ်ပြီး ဇူလိုင်လတွင် ဗဟိုအဆင့်ပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ သြဂုတ် လတွင် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ရာ အဆင့်မြင့် ပညာမှနှစ်သင်း၊  ဆရာအတတ်ပညာမှ နှစ်သင်း စုစုပေါင်းလေးသင်းဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း၊  အခြေခံပညာကျောင်းများတွင် စာသင်ကြားရုံသာမက အားကစားချိန်တွင် အမှန်တကယ် အားကစားပြုလုပ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန် အချိန်ဇယားတွင် ထည့်သွင်း ရေးဆွဲကျင့်သုံးကြရမည်  ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော ဆရာ၊ ဆရာမများဖြစ်စေရန် မွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန် လိုပါကြောင်း၊   အချို့သောနယ်မြေများရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များအားလုံး ဇွန်လတွင်ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီး၊   ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ စာသင်ချိန်တွင် အမှန်တကယ် ပညာတတ်အောင် စေတနာအပြည့်ထား၍ သင်ကြားပေးကြစေလိုပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင်   ပထမနှစ် ကျောင်းသား၊ ကျောင်းသူ လူရည်ချွန်များ ပြန်လည်ရွေးချယ် ခေါ်ယူမည်ဖြစ်ပါကြောင်း၊ဆရာ၊  ဆရာမများအနေဖြင့်   မိမိတို့ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ပညာတတ်စေရေး၊  ယဉ်ကျေးလိမ္မာ၍ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ရှိသူများ ဖြစ်စေရေးအတွက် ပြုစုပျိုးထောင်သင်ကြားပေး ကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စာသင်ဆောင်များနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများကို  စာသင်ဆောင်မှ ၁၀ ပေအကွာအထိ ခုတ်ထွင်ရှင်းလင်းကာ အလင်းဖွင့်ရေး၊ မိုးရာသီရေမလျှံစေရေး၊    ပရောဂျက်အခြေပြု သင်ကြားသင်ယူမှုစနစ် အောင်မြင်အောင်ကြီးကြပ်ရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု MSME ဆိုင်ရာ သုတေသနလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရေး၊ နွေးထွေးသော အထက်အောက်ဆက်ဆံရေး ထူထောင်ရေးတို့ကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ သဘာဝ ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်နှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းများ   ပေးပို့ရန်အတွက် မှာကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍရှိ   တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေး ဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်  စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို    ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။