တိရစ္ဆာန်ဆေးကုသိပ္ပံနှင့် ဒီပလိုမာတစ်နှစ် သင်တန်းဖွင့်လှစ်

 

တိရစ္ဆာန်ဆေးကုသိပ္ပံနှင့် ဒီပလိုမာတစ်နှစ် သင်တန်းဖွင့်လှစ်

 

ရန်ကုန် မေ ၃

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၏ တိရစ္ဆာန်ဆေးကုသိပ္ပံနှင့် ဒီပလိုမာတစ်နှစ်သင်တန်း   ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက      ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းဝင်း၌    ကျင်းပရာ အခမ်းအနားသို့    ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန  ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆရာဝန်များ အသင်းဥက္ကဋ္ဌ၊ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများ၊ တိရစ္ဆာန်ဆေးကုသိပ္ပံ ကျောင်းအုပ်ကြီးနှင့်   ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်    တိရစ္ဆာန်ဆေးကုသိပ္ပံ ကျောင်းဝင်းအတွင်းရှိ  တိရစ္ဆာန်ဆေးကုသိပ္ပံဆိုင်းဘုတ်ကို    စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးနှင့်    ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ဆေးကုသိပ္ပံ  အုပ်ချုပ်ရေးခန်းမဆောင်၌ တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာတစ်နှစ် သင်တန်းဖွင့်ပွဲ   အခမ်းအနားနှင့် စပ်လျဉ်း၍  အမှာစကား ပြောကြားရာတွင် မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာနသည် နိုင်ငံတော်၏ အသားကဏ္ဍ ပိုမိုဖွံ့ဖြိုးရေးအတွက်   မွေးမြူထုတ်လုပ်မှုနှင့်  တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ  တိုးမြှင့်ပေးနိုင်ရန် ကာလတို၊ ကာလရှည်သင်တန်းများ ပေးခြင်းကို   နှစ်စဉ်ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ အတတ်ပညာကို  ကျွမ်းဝင်နားလည်သည့် ပညာရှင်ဝန်ထမ်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်  ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မွေးမြူရေးကဏ္ဍဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယခု   တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းကို ယနေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

 မွေးမြူထုတ်လုပ်မှု တိုးတက်ရန်အတွက် မွေးမြူတိရစ္ဆာန်များ၏ ကျန်းမာရေးကို ထိထိ ရောက်ရောက်  စောင့်ရှောက်မှုပေးနိုင်ရန် သင်တန်းတွင်   တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်ပေးနိုင်သည့်    အခြေခံဆေးကုသရေး ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက တိရစ္ဆာန်ဆေးကု ဒီပလိုမာ(Dip.V.Sc) ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊  ဌာန၏လုပ်ငန်းများကို  အရည်အသွေးမြင့်မားစွာ ဆောင်ရွက်နိုင်မည့်နည်းတူ  မိမိအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပညာရပ်တစ်ခုကို တတ်မြောက်သွားစေမည် ဖြစ်၍ သင်တန်းသား၊ သင်တန်းသူများ သင်တန်း တက်ရောက်သူများ အတွက်ပါ အကျိုးကျေးဇူးကောင်းများ ရရှိမည့် သင်တန်းဖြစ်သောကြောင့် သင်တန်းကျောင်းက သတ်မှတ်ထားသည့်   စည်းမျဉ်းစည်းကမ်းများနှင့် အညီ ထူးချွန်အောင်ကြိုးစား သင်ယူကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက   သင်တန်းကျောင်းနှင့် ပတ်သက်၍   ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား၊   သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားပြီး သင်တန်းစာသင်ဆောင်တွင် စတင်သင်ကြားပို့ချနေမှုကိုကြည့်ရှုပြီး  လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

တိရစ္ဆာန်ဆေးကုသိပ္ပံ   ဒီပလိုမာတစ် နှစ်သင်တန်းကို   တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန်  အခြေခံတတ်မြောက်ထားရမည့်  ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ မွေးမြူရေးသိပ္ပံပညာ၊  အာဟာရဗေဒ၊ မေထုန်မဲ့သားစပ်ပညာ စသည့် ဘာသာရပ်များအပြင် သားဖွားမီးယပ်ပညာ၊ အဏုဇီဝဗေဒ၊ ကပ်ပါးဗေဒ၊ ရောဂါဗေဒ၊ ဆေးဝါးဗေဒ၊ တိရစ္ဆာန်ဆေးပညာ၊  အခြေခံခွဲစိတ် ပညာ၊   တိရစ္ဆာန်ကူးစပ် ရောဂါပညာ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု  ပညာ စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ပေါင်းစပ်သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက  တိရစ္ဆာန်ဆေးကု ဒီပလိုမာ(Dip.V.Sc)ဘွဲ့ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ သိပ္ပံဘွဲ့ ရရှိထားသည့် ဌာနတွင်းမှ သင်တန်းသား ငါးဦးနှင့်  သိပ္ပံဘွဲ့ရရှိထားသူ   ပြင်ပ သင်တန်းသား ၆၁ ဦး စုစုပေါင်း ၆၆ ဦး တက်ရောက်လျက်ရှိကြောင်း    သိရသည်။