ပင်းတယမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးဆုံးရှုံး

 

ပင်းတယမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးဆုံးရှုံး

 

ပင်းတယ  မေ  ၃

    ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ   ပင်းတယမြို့နယ်၌ မေလ ၂ ရက် ညနေ ၄ နာရီခွဲခန့်က  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များနှင့်    စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့်  ပင်းတယမြို့နယ် ကျုံးကျေးရွာအုပ်စု အထက(ကျုံး)စာသင်ကျောင်းနှင့် ဆိုင်းဘုတ်ပြိုကျပျက်စီးခဲ့ပြီး ပွေးလှကျေးရွာအုပ်စု ပွေးလှကျေးရွာ၌ အထက(ပွေးလှ)စာသင်ကျောင်းမှ စာသင်ကျောင်းဆောင် နှစ်ဆောင်အမိုးလှန်ကာ မျက်နှာကြက်ပြိုကျပျက်စီးပြီး ပြတင်းပေါက်မှန်များ   ထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် ပွေးလှကျေးရွာအုပ်စု မြို့တောင်ကျောင်းရှေ့နှင့် အထက(ပွေးလှ) စာသင်ကျောင်းရှေ့ရှိ ၄၀၀ ဗို့အားလိုင်း ဓာတ်တိုင်နှစ်တိုင်ပြိုကျ ပျက်စီးခဲ့ပြီး ပွေးလှကျေးရွာအုပ်စု    စင်္ကြာကုန်းကျေးရွာ အတွင်းရှိ လူနေအိမ် ၁၁ လုံးနှင့် ကြက်အကောင်ရေ ၄၅၀၀ ခန့် မွေးမြူထားရှိသည့် ကြက်မွေးမြူရေး ခြံတစ်ခြံပြိုကျ ပျက်စီးခဲ့သည်။

အလားတူ ပွင့်လန်းကျေးရွာအတွင်းရှိ လူနေအိမ် ၂၇ လုံး၊ ရှောက်ပင်ကျေးရွာအတွင်းရှိ လူနေအိမ် သုံးလုံးနှင့် ရှောက်ပင်ကျေးရွာတောင်ဘက် တောင်ပေါ်ဘုရားရှိ ဇရပ်တစ်ဆောင်တို့ အမိုးလှန်ထိခိုက် ပျက်စီးခဲ့ကြောင်းနှင့်  ကူးကော်ကျေးရွာအုပ်စု စံသီးကုန်းကျေးရွာ အတွင်းရှိ  လူနေအိမ်၁၁ လုံး၊  ကျောက်ကြားကျေးရွာအတွင်းရှိ လူနေအိမ် ငါးလုံး၊ မြင်းမူကျေးရွာအုပ်စု ရေပုတ်ကျေးရွာအတွင်းရှိ လူနေအိမ် လေးလုံး၊ မြင်းမူကျေးရွာမှ   လူနေအိမ်တစ်လုံးတို့ ထိခိုက်ပျက်စီးခဲ့သည်။

ထိုသို့   ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍   လိုက်လံကြည့်ရှုပြီး   ထောက်ပံ့ငွေများ ပေးအပ်ကာ ပျက်စီးဆုံးရှုံးမှုများအား  ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များကို   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။