လေပြင်းဘေးသတိရှိကြစေချင်

 

လေပြင်းဘေးသတိရှိကြစေချင် 

 

    မန္တလေးမြို့၌  ဧပြီလ ၇ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က လေပြင်းတိုက်ခတ်စဉ် အောင်မြေသာစံမြို့နယ် ၂၆ လမ်းနှင့် ၇၃ လမ်းကြား၌ လမ်းဖြတ်မုခ်ဦးတစ်ခုပြိုကျ၍ လူနှစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး အိမ်စီးကား နှစ်စီးပျက်စီးခဲ့သည်။ အလားတူ အဆိုပါနေ့တွင် မတ္တရာမြို့နယ် မင်းကန်ကျေးရွာတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် အမြင့်ပေ ၄၀၊ အနံ ၁၀ ပေခန့်ရှိ လက်ပံပင်တစ်ပင်လဲပြိုခဲ့ရာ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး  သေဆုံးသွားခဲ့သည်။  ထို့ပြင် ယင်းလက်ပံပင်အနီးရှိ တဲသုံးလုံးပြိုကျရာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ပဲခူးတိုင်းဒေသကြီး    ရွှေတောင်မြို့နယ်တွင် ဧပြီလ ၁၈ ရက်  ည ၆ နာရီ ၄၅ မိနစ်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပေါင်းချုပ်ကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာအုပ်စု၊ ကျောက်မြင့်ကျေးရွာအုပ်စု၊ မန်ကျည်းပေါက်ကုန်းကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာအုပ်စုနှင့် ကွင်းယားကြီးကျေးရွာအုပ်စုတို့တွင် လူနေအိမ် ခြောက်လုံးပြိုကျခဲ့ပြီး  လူနေအိမ် ၂၆ လုံး အမိုးလန်ပျက်စီးခဲ့သည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်  ကျေးရွာများတွင် ဧပြီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် စာသင်ဆောင်နှင့် လူနေအိမ်များ အမိုးလန်ခြင်း၊  လျှပ်စစ်ကွန်ကရစ်မီးတိုင်များ ကျိုးကျပျက်စီးခြင်း၊ ဌာနပိုင်ခြံစည်းရိုးများ ပြိုလဲခြင်း ဖြစ်ပေါ်ခဲ့သည်။

ယမန်နှစ်အခြေအနေ       

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း   လေပြင်းတိုက်ခတ်မှု အကြိမ်ရေ  ၆၅၀ ကျော် ဖြစ်ပွားခဲ့ပြီး လူနေအိမ်အဆောက်အအုံပေါင်း ၂၁၇၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည့်အပြင်  လူသေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

မိုး/ဇလ သတိပေးချက်

    မြန်မာနိုင်ငံအရပ်ရပ်တွင် နွေရာသီကာလဖြစ်သည့် မတ်လ၊  ဧပြီလနှင့် မေလတို့တွင်   နေ့အပူချိန် တဖြည်းဖြည်းမြင့်တက်လာရာမှ  အပူပြန်တက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနိုင်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင်  လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုး ထစ်ချုန်းရွာခြင်း   စသည့်မိုးလေဝသ ဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

လေပြင်းတိုက်ခတ်မှုများကြောင့် ထိခိုက်မှုများ လျော့နည်းစေရန်အတွက်  အသိပညာပေးခြင်း၊ လေပြင်းဒဏ်ခံနိုင်ရည် နည်းပါးနိုင်သည့် အိုးအိမ်များ ရွေးချယ်၍ အားဖြည့်ပြင်ဆင်ပေးခြင်းတို့ကို ဒေသအလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

ပြည်သူများလိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက  ပြည်သူများအနေဖြင့် အောက်ပါအချက်အလက်များ အတိုင်း ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ပေးကြရန်  အသိပေး နှိုးဆော်ထားသည်။

ကြိုတင်ပြင်ဆင်မှုများ

(က)   မိမိအိမ်၏ကြံ့ခိုင်မှုကို   ပုံမှန်စစ်ဆေးပြီး  တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားပါ။

(ခ)     လေပြင်းဒဏ်ခံနိုင်စေရေးအတွက် လိုအပ်သည့် နေရာများတွင် ထောက်တန်းများ/ဒေါက်တိုင်များ ထပ်မံအားဖြည့် တပ်ဆင်ပါ။

(ဂ)    မြေဝင်အိမ်တိုင်များအား  လိုအပ်လျှင်တိုင်ဖိနပ်ပတ်လည်တွင်  မြေဖို့၍သိပ်သည်း ကျစ်လျစ်အောင် ဆောင်ရွက်ပါ။

(ဃ)   သွပ်အမိုးဖြစ်ပါက အစွန်ကျသောနေရာတွင် သွပ်သံစိပ်စိပ်ရိုက်ပါ။ ဓနိ/သက်ငယ်

အမိုးဖြစ်ပါက ဝါးရာဇမတ်ကွက် ကြက်နင်းဖြင့်  ခိုင်ခံ့စွာအုပ်ပါ။ သွပ်နန်းကြိုးဖြင့် ခိုင်မြဲစွာချည်နှောင်ပါ။

(င)     အိမ်အကာအရံများ၊ တံခါးများ၊ ပြတင်းပေါက်များအား ပိုမိုခိုင်ခံံ့စေရန် ကြိုတင် ဆောင်ရွက်ပါ။

(စ)    အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်/သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားပါ။

(ဆ)   အိမ်အတွင်းရှိ ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင်လုပ်ထားပါ။ မီးလောင်စေနိုင်သော ပစ္စည်းများကိုစစ်ဆေး၍  လိုအပ်သလို ပြင်ဆင်ထားပါ။

(ဇ)    အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီး စာရွက်စာတမ်းကို မိမိနှင့်အတူ ထားရှိပါ။

(ဈ)   မိသားစုများ အရေးပေါ် ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။

လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရန်

(က)   လေပြင်းတိုက်ခတ်ချိန်တွင် အမှိုက်များနှင့် ပစ္စည်းများ လေနှင့်အတူလွင့်ပါကာ အန္တရာယ်ဖြစ်စေနိုင်သောကြောင့် မလိုအပ်ဘဲ အပြင်သို့မထွက်ပါနှင့်။

(ခ)     တံခါးများ၊     ပြတင်းပေါက်များကို   မြဲမြံစွာ ပိတ်ထားပါ။ မှန်ပြတင်းများအား တိတ်ပြားကြီးများဖြင့် ကန့်လန့်ဖြတ်ကပ်ထားပါ။

(ဂ)    မှန်ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပါ။

(ဃ)   လေတိုက်ခတ်မှု   အလွန်ပြင်းထန်ပါက ခိုင်ခံ့သောစားပွဲ သို့မဟုတ် ခိုင်ခံ့သော အရာဝတ္ထုတစ်ခုခုအောက်တွင်  အကာအကွယ်ယူနေပါ။

(င)     လျှပ်စစ်နှင့်ဆိုင်သောပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ လတ်ဖြုတ်ထားပါ။

(စ)    အရေးပေါ်အခြေအနေမှလွဲ၍ ဖုန်းအသုံးမပြုပါနှင့်။    

လေပြင်းတိုက်ခတ်နေစဉ်  မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်းဖြစ်ပေါ်ပါက သတိပြုလိုက်နာရန်

(က)   လယ်ကွင်း၊ ကွင်းပြင်ထဲ   နေထိုင်ခြင်းမှ  အတတ်နိုင်ဆုံး ရှောင်ရှားပါ။ တတ်နိုင်သမျှအိမ်ထဲတွင် နေထိုင်ပါ။

(ခ)     မဖြစ်မနေ အိမ်အပြင်သို့ထွက်ရမည် ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းပါ။ အဝတ်ထူများ ဝတ်ဆင်သွားပါ။

(ဂ)    တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူ စသည့် လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလတ်ဖြုတ်ထားပါ။

(ဃ)   သစ်ပင်၊ ဓာတ်တိုင်နှင့် သံ/သတ္တုပစ္စည်းများအနီးတွင် မနေပါနှင့်။

(င)     မိုးသည်းထန်စွာ ရွာသွန်းနေစဉ် မိုးကြိုးပစ်နိုင်သောကြောင့် လျှပ်စီးနိုင်သော လက်ကိုင်ဖုန်း၊ သံနှင့်သတ္တုပါဝင်သော ပစ္စည်းများ        ကိုအသုံးပြုခြင်း၊ ကိုယ်နှင့် တစ်ပါတည်းထားခြင်းမှ ရှောင်ကြဉ်ပါ။

လေပြင်းတိုက်ခတ်ပြီးနောက် သတိပြု ဆောင်ရွက်ရန်

(က)   ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးများ ရှင်းလင်းခြင်း လုပ်ငန်းများတွင် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပါ။

(ခ)     ကျိုးကျ၊ ယိုင်လဲ၊ ပြိုပျက်နေသော ဓာတ်တိုင်များ၊ ဓာတ်ကြိုးများ၊ သစ်ပင်များ၊ သစ်ကိုင်းများ၊ အဆောက်အအုံများနှင့် ဝေးရာတွင်နေပါ။ သတိပြုရှောင်ရှားပါ။ သက်ဆိုင်ရာသို့ အကြောင်းကြားပါ။ ကူညီရှင်းလင်းပါ။

(ဂ)    ထိခိုက်ဒဏ်ရာရရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများ၌ လိုအပ်သည့် ကုသမှုခံယူပါ။

(ဃ)   ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သော ထိရှလွယ်အုပ်စုများ (ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် သားသည်မိခင်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ စသည့်)အကူအညီ လိုအပ်သူများကို တတ်စွမ်းသရွေ့ ပေါင်းစပ်ကူညီပေးပါ။

(င)     ယာယီအခိုအကာ လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်အကူအညီတောင်းခံပါ။

အချုပ်ဆိုရသော် မြန်မာနိုင်ငံ၏ နွေရာသီကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလတို့တွင် နေ့အပူချိန် တဖြည်းဖြည်း မြင့်တက်ခြင်း၏ နောက်ဆက်တွဲ သဘာဝဘေးအဖြစ် လေပြင်းမုန်တိုင်းများ တိုက်ခတ်မှုများသည် မွန်းလွဲ/ညနေပိုင်းတို့တွင် တိုက်ခတ်လေ့ရှိသဖြင့် သတိရှိကြစေလိုသည်။ မိုးလေဝသအခြေအနေနှင့် ပတ်သက်၍  မိုး/ဇလမှ ရေဒီယို၊ တီဗွီ၊ သတင်းစာများတွင်  နေ့စဉ်ထုတ်ပြန်ပေးသည်ကို သတိပြုနားဆင်ဖတ်ရှုပါ။

သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည့် Hot Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ဆက်သွယ်၍     အကူအညီ တောင်းခံနိုင်ပါသည်။    ။