(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ၊ ပုလဲအတွဲပေါင်း ၁၈၂ တွဲရောင်းချရ

 

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ  ၊ ပုလဲအတွဲပေါင်း ၁၈၂ တွဲရောင်းချရ

 

နေပြည်တော် မေ ၄

    (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပရာ    မြန်မာ့ကျောက်မျက ်ရတနာပြပွဲ   ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့်ဖောက် စစ်ဆေးနေမှု၊ မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊  ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။ 

ယနေ့တွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည်  မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့်  ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက်  ခင်းကျင်းပြသထားသည့်    ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြပြီး ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ်(၁)မှ အတွဲအမှတ် (၂၀၀)အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါ ပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ပုလဲအတွဲအမှတ်(၁)မှ အတွဲအမှတ်(၂၀၀)အထိ  တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူ များက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၈၂ တွဲရောင်းချရကြောင်း ကြေညာသည်။

ယနေ့ရောင်းချခဲ့ရသည့် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့်  အခြေခံဈေး သတ်မှတ်ထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည်  အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ကုန်သည်များသည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။

ပြပွဲ တတိယနေ့တွင် ပုလဲအတွဲ အမှတ်(၂၀၁)မှ အတွဲအမှတ် (၄၀၀)အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း ပြည်ပရတနာ ကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ  လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

ယခုကျင်းပသည့် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို   မဏိရတနာ ကျောက်စိမ်းခန်းမ၌  မေလ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင်    ပုလဲအတွဲ ပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား   အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။