ကျောင်းဖွင့်ရာသီနီးလာ၍ ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ ရောင်းအားကောင်း

 

ကျောင်းဖွင့်ရာသီနီးလာ၍ ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ ရောင်းအားကောင်း

 

ရန်ကုန်  မေ ၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီနီးလာ၍ ဈေးကွက်အတွင်း ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့်  အသုံးအဆောင်ပစ္စည်းများ  ရောင်းအားကောင်းလာကြောင်း ရန်ကုန်မြို့ မင်္ဂလာဈေးရှိ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ အရောင်းဆိုင်များမှ သိရသည်။

လက်ရှိတွင် နယ်မြို့များမှ  လက်ကား လာရောက်ဝယ်ယူသူများရှိပြီး ဖုန်းဖြင့်ဆက်သွယ်ဝယ်ယူ၍  ကားဂိတ်အရောက် ပို့ဆောင်ပေးရခြင်းများလည်း ရှိသည်။

“ဧပြီလကုန်ပိုင်းကတည်းက ကျောင်းသုံးပစ္စည်းတွေ ပြန်ရောင်းနေရတယ်။ နယ်ဘက်တွေကလည်း မှာတာတွေများတယ်။ “  ဟု  မင်္ဂလာဈေးမှ ကျောင်းဝတ်စုံအရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး အပါအဝင် ရန်ကုန်မြို့ရှိ ဈေးကြီးများမှ ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် အသုံးအဆောင်ပစ္စည်း များကို  နယ်မြို့များမှ  မှာယူမှု များလေ့ရှိ ကြောင်း သိရသည်။

လက်ရှိတွင်   ကလေးဝတ်အင်္ကျီအဖြူ လက်တိုတစ်ထည်လျှင် အရွယ်အစားပေါ် မူတည်၍ ငွေကျပ်  ၄၀၀၀  မှ   ၅၀၀၀ ဝန်းကျင်၊ ကျောင်းစိမ်းဘောင်းဘီ  အတို၊ အရှည်တစ်ထည်လျှင်  ငွေကျပ်  ၅၀၀၀  ဝန်းကျင်မှ ၆၅၀၀  ဝန်းကျင်၊ ဂါဝန်များမှာ လည်း   အရွယ်အစားအလိုက်   ဈေးနှုန်း အမျိုးမျိုးရှိပြီး  ကျောင်းစိမ်းပုဆိုး၊  လုံချည် များမှာ  တစ်ထည်လျှင်  ငွေကျပ်  ၇၀၀၀ ဝန်းကျင်မှ ၁၃၀၀၀ ဝန်းကျင်အထိ ဈေး နှုန်း အသီးသီး ရှိကြောင်း သိရသည်။

ထို့ပြင်  စာရေးကိရိယာများနှင့်  ထီး၊  ရေဘူး၊   ကျောပိုးအိတ်   စသည့်အသုံး အဆောင်ပစ္စည်းများမှာလည်း   ယခင်နှစ် ကထက် ဈေးနှုန်း အနည်းငယ် မြင့်တက်မှုရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏   အခြေခံပညာကျောင်း အပ်နှံခြင်းကို မေလ ၂၃ ရက်မှ ၃၁ ရက် အထိ လက်ခံမည်ဖြစ်ပြီး ကျောင်းအပ်နှံရေး နေ့တွင် ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာများကို အခမဲ့ပေးဝေမည် ဖြစ်ကြောင်း သိရသည်။