အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

အခန်း (၄၆)

မမစံက အောင့်မျက်နှာကို လှမ်းကြည့် ပြီး...

“ဒီနေ့ညတော့ အောင်လေး ဖီနိုသောက် အိပ်တော့၊ မဟုတ်ရင် စိတ်တွေ သိပ်ပူနေမယ်”

“ဖီနိုသောက်အိပ်တာ     ကိုလတ်က မကြိုက်ဘူး”

ပြောပြောဆိုဆို သည်တော့မှ အောင်က ငိုလိုက်လေသည်။

“စိတ်လည်း သိပ်မပူပါနဲ့ အောင်ရယ်၊ အသက်ငယ်ငယ် ယောကျ်ားလေး တစ်ယောက်ပဲ၊ ခွဲစိတ်ပြီးရင် ကောင်းသွားမှာပါ”

မမစံက နှစ်သိမ့်ရာ နှစ်သိမ့်ကြောင်း ပြောလိုက်လေသည်။ ချောစုကတော့ လမ်း လျှောက်ရင်း ကိုလတ်အတွက်ဆိုကာ တစ်လမ်းလုံး သမ္ဗုဒ္ဓေ ရွတ်လာလေသည်။

တစ်ခေါက်ပြီးတစ်ခေါက် လက်ချိုးရေ တွက်သွားသည်။

မအိပ်ခင်အထိ အခေါက်တစ်ထောင် ပြည့်အောင်ရွတ်မယ်တဲ့။

အဆောင်ပြန်ရောက်သည်အထိ အောင် က စကားမပြောတော့ပေ။

သူ့အဝတ်တွေထည့်ထားသော     သံသေတ္တာထဲမှ ကိုလတ်စာတွေတစ်ထပ်ကြီး  ထုတ်လိုက်ပြီး စာတစ်စောင်ပြီး တစ်စောင် ဖတ်နေသည်။

နံပါတ်တပ်ထားသော စာတွေကို အထပ် ထပ်ဖတ်ပြီးပြီလေ။

ဖတ်ပြီးလို့လည်း ဘယ်တော့မှ မငြီးနိုင်။

ဘယ်အချိန်ဖတ်ဖတ်    ပြန်ဖတ်ချင်နေ တယ်ဆိုတာ ကိုလတ်မသိဘူးလား။

ကိုလတ်ပေးတဲ့စာအားလုံး စုစုပေါင်း ၁၁ စောင်တောင်ရှိသွားပြီ။

အရေအတွက်နည်းသော်လည်း  စာပါ အကြောင်းအရာတွေက    သိပ်ကောင်းပြီး စာတစ်စောင်  တစ်စောင်မှာ စာမျက်နှာ အစိတ် သုံးဆယ်အထိရှိသည်။

စာရှည်ရှည်    ဒီလောက်ရေးနိုင်တာ သိပ်အံ့သြဖို့ကောင်းတာပဲလို့ ဆန်းဆန်းမြင့် က ခဏခဏပြောဖူးသည်။

ကိုလတ်စာတွေကိုဖတ်ပြီး   စိတ်ထဲမှာ တည်ငြိမ်လာသည်။

ချောစု   ရွတ်ဖတ်သရဇ္ဈာယ်နေသော သမ္ဗုဒ္ဓေဂါထာအသံကလည်း    နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်။

ခေါင်းပေါ်က  မီးချောင်းတိုလေးဟာ မီးအားနည်းချင်လို့ မျက်တောင်နည်းနည်း ခတ်ချင်နေတယ်။

ခြင်တွေကိုက်လွန်းလို့  ခြင်ဆေးနံ့တွေ တစ်ခန်းလုံးမွှန်နေတာပဲ။

ချောစုလည်း  သူ့ခုတင်ပေါ်မှာ ခြင်ထောင်ချပြီး  စိတ်ပုတီးတစ်ကုံး  ရင်ဘတ် ပေါ်တင်လို့။

သူလည်း သည်ည အောင့်လိုပဲ  အိပ် မပျော်မှာသေချာတယ်။

သည်ည    အောင်    အိပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။

ပြတင်းပေါက်က စာကြည့်စားပွဲနဲ့ ကပ် လျက်ဖွင့်ထားတော့ ပလူသုံးလေးကောင်ဟာ ယောင်မှားပြီး ဝင်လာတယ်။

အတောင်တဖျပ်ဖျပ်    လူးလှိမ့်ပျံရင်း မီးချောင်းအပူနဲ့ တစ်ကောင်က သေသွားပြီး တစ်ကောင်ကတော့  အိမ်မြှောင်ရဲ့ ပါးစပ်ထဲရောက်သွားပြီ။

ကယ်မယ်လို့  အကောင်လေးကို ယူ လိုက်တော့ အတောင်သာ ကျွတ်ပါလာ တယ်။

ပလူကောင်လေးက သေနှင့်ရှာပြီ။

တံခါးဘောင်က ပလူကောင်သေလေးကို မကြာခင်အချိန်အတွင်းမှာပဲ ပုရွတ် ဆိတ်လေးတွေက မနိုင်မနင်း သယ်ဆောင် သွားကြလေသည်။

မြရာပင်တွေ၊ ဝါးရုံတွေကို လေတိုးလို့ အပြင်မှာ တရဲှရှဲနဲ့ အော်မြည်နေလေရဲ့။

အခန်း (၄၇)

မိုးကောင်းကင်ကြီးဟာ    မိုးသားတွေ တက်ပြီး မည်းနေတာပဲ။

ညလယ်မှာ မိုးရွာလိမ့်မယ်ထင်ပါရဲ့။

သည်အချိန်မှာ ကိုလတ် ခွဲစိတ်ခုတင် ပေါ်ရောက်နေပြီလား မသိဘူး။

ဆေးရုံအခန်းအပြင်မှာ ကိုအောင်တစ်ယောက် လွယ်အိတ်ကြီးတကားကားနဲ့ ယောက်ယက်ခတ်နေရောပေါ့။

ကိုအောင်က ကိုလတ်လို မဟုတ်ဘူး။

သူစိတ်ဆိုးနေတာ၊ စိတ်ပူနေတာ၊ ဝမ်းနည်းနေတာ၊ စိတ်ပျော်နေတာတွေဟာ သိသိသာသာပဲ။

သူ့မျက်နှာ၊   သူ့အမူအရာ၊ သူ့လှုပ်ရှား မှုတွေက    သူ့အတွင်းစိတ်ရဲ့ခံစားမှုတွေ၊ တုန်လှုပ်မှုတွေကို မဖုံးကွယ်နိုင်ဘူး။

ဒါကြောင့် သူတို့နှစ်ယောက်စလုံးရှေ့မှာ ကိုအောင်ဟာ ကိုလတ်ထက် ပိုပြီး ရိုးသားမှုရှိတယ်။

ကိုလတ်က လည်တယ်လို့ အောင်က ပြောဖူးသေးတယ်။

ကိုအောင်က သူငယ်ချင်းကို လည်တာ မဟုတ်ပါဘူး၊    ပါးတာတဲ့လေ။   သည်လိုလူမျိုးတွေအတွက် ပိရိတာ၊ သေသပ်တာ၊ အကင်းပါးတာ၊ သိုသိပ်တာ၊ ကျစ်လျစ်တာတွေဟာ အရည်အချင်းတစ်ရပ်တဲ့။

သူ့သူငယ်ချင်းကိုများ     ကာကွယ်နေ လိုက်သေးတယ်။

အောင်ကတောင် အဲဒီတုန်းက “ဟား” ပစ်ခဲ့သေးတယ်။

ဆက်လက်ဖော်ပြပါမည်။