UAB Bank Badminton Junior Championship 2024အမျိုးသား၊အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 

UAB Bank Badminton Junior Championship 2024အမျိုးသား၊အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 

ရန်ကုန်   မေ  ၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်နှင့် ပူးပေါင်းပြုလုပ်သည့် UAB Bank Badminton Junior Championship 2024 ကြက်တောင် ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ  အမျိုးသားကြက်တောင် အားကစားခန်းမ၌ ကျင်းပသည်။

    နောက်ဆုံး ဗိုလ်လုပွဲပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး   အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ UAB Bank မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်   ပရိသတ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။  

အဆိုပါဗိုလ်လုပွဲပြိုင်ပွဲတွင် အသက်ကိုးနှစ်အောက်၊ ၁၁ နှစ်အောက်၊ ၁၃ နှစ်အောက်၊ ၁၅ နှစ်အောက်၊ ၁၇ နှစ်အောက်၊ ၁၉ နှစ်အောက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများ၊ အသက် ၁၅ နှစ်အောက်၊ ၁၇ နှစ်အောက်၊ ၁၉ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယရရှိကြသည့် အားကစားသမားများအား တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူး၊ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် UAB   Bank မှတာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ  အသီးသီး ချီးမြှင့်ကြသည်။

ထို့နောက်    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က  အသက် ၁၉ နှစ်အောက်  အမျိုးသားနှစ်ယောက်တွဲ၊  အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတို့တွင်   ပထမ၊ ဒုတိယနှင့်    ပူးတွဲတတိယရရှိကြသည့် အားကစားသမားများအား  တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုများ   ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။

ယင်းပြိုင်ပွဲကို မေလ ၁ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ  ကလပ်စုစုပေါင်း  ၂၇  ခုမှ ကြက်တောင်အားကစားသမား ၂၀၀ ခန့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း   သိရသည်။