နိုင်ငံ့ရထား ပြည်သူ့အား

 

နိုင်ငံ့ရထား ပြည်သူ့အား

 

      မြန်မာနိုင်ငံတွင် ၁၈၇၇ ခုနှစ် မေလ ၁ ရက်မှစ၍ ရန်ကုန်-ပြည်ရထားလမ်း စတင်ဖောက်လုပ်ပြေးဆွဲခြင်းနှင့် အတူ ရထားလုပ်ငန်း ပေါ်ထွန်းလာခဲ့သည်မှာ  ယခုဆိုလျှင်  (၁၄၇)နှစ်မြောက်ရှိပြီဖြစ်သည်။

သမိုင်းကြောင်းရှည်လျားခဲ့သည့် ကာလအတွင်း ရထားပြေးဆွဲခြင်း လုပ်ငန်းဖြင့် ပြည်သူတို့အား ဝန်ဆောင်မှုပေးလျက်ရှိသည့် ရင့်ကျက်နေပြီဖြစ်သော ဌာနကြီးတစ်ခုဖြစ်သည်ဟုလည်း တင်စားလိုက်ရသည်။

မြန်မာနိုင်ငံ၏ ရထားပြေးဆွဲခြင်း လုပ်ငန်းသည် အရှေ့တောင်အာရှ နိုင်ငံများ၏ ရထားပြေးဆွဲခြင်းများထက် သက်တမ်းအရင့်ဆုံးဖြစ်ကြောင်း သမိုင်းက သက်သေပြလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေး လုပ်ငန်းကို ရန်ကုန်နှင့်ဧရာဝတီမြစ်ဝှမ်း အစိုးရရထား လုပ်ငန်း ((The Rangoon and Irrawaddy Valley State Railway) က ၁၈၇၇ ခုနှစ်ကတည်းက  စတင် ထူထောင်လုပ်ကိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ၁၈၉၆ ခုနှစ်တွင် Burma Railway Company ကလည်းကောင်း၊  ၁၉၂၈ ခုနှစ်တွင်  အိန္ဒိယ မီးရထားဘုတ်အဖွဲ့ (Indian Railway Board) လက်အောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ မီးရထားမင်းကြီး (Chief Railway Commissioner)က အုပ်ချုပ်ခဲ့ကြောင်းနှင့် ဒုတိယကမ္ဘာစစ်ကြီး ကူးစက်လာချိန် ၁၉၄၂ ခုနှစ် မတ်လ ၁၈ ရက်နေ့ကစ၍ မီးရထား အုပ်ချုပ်ရေးလုပ်ငန်းများကို   ဗြိတိသျှအာဏာပိုင် (British Governor)) များထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည်  လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မီးရထားအုပ်ချုပ်ရေး အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့(Union of Burma Railway) အဖြစ် လည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် ရထားပို့ဆောင်ရေး ကော်ပိုရေးရှင်း (Burma Railway Corporation)အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဦးဆောင်၍ စီမံခန့်ခွဲရေး ကော်မတီဖြင့် စီမံအုပ်ချုပ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၈ ရက်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်တွင် ရထားပို့ဆောင်ရေး ကော်ပိုရေးရှင်းအမည်အား မြန်မာ့မီးရထားဟု ပြင်ဆင်ခေါ်ဝေါ်၍ ယနေ့တိုင် အမည်နာမ တည်တံ့လျက်ရှိနေသည်။

ရထားလမ်းတိုးချဲ့ ဖောက်လုပ်နိုင်ခဲ့မှုများအ နေဖြင့် ရထားလုပ်ငန်း စတင်ခဲ့သည့် ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် ၁၉၂၄ မိုင်ခန့်နှင့်  ဘူတာရုံပေါင်း  ၄၇၆  ရုံတည်ရှိခဲ့ရာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ရထားလမ်းခရီးမိုင် ၅၄ မိုင်ခန့်နှင့် ဘူတာရုံ ၁၁ ရုံ တိုးတက် တည်ဆောက်နိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ ယနေ့ထိ ရထားလမ်းခရီးမိုင် ၁၈၂၂ မိုင်ခန့်နှင့်ဘူတာရုံ ၄၇၃ ရုံထပ်မံတိုးချဲ့ဖောက်လုပ် တည်ဆောက်နိုင်ခဲ့သည့်အတွက် နိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း ၃၈၀၀ မိုင်ကျော်နှင့် ဘူတာရုံပေါင်း ၉၆၀  ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။

မြန်မာ့မီးရထားအနေဖြင့် ဖြတ်သန်းခဲ့ရသည့်   (၁၄၇)နှစ်ကြာခရီးရှည်တစ်လျှောက်တွင် ခေတ်စနစ်များ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲခဲ့သော်လည်း မြန်မာ့မီးရထားသည် ပြည်သူ့အကျိုးအား တစိုက်မတ်မတ်  ဖော်ဆောင်ထမ်းရွက်ခဲ့ပြီး ယနေ့ထိတိုင် ဆက်လက်ရပ်တည်လျက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို   ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သည်။    မြန်မာ့မီးရထား၏ အဓိကလုပ်ငန်းတာဝန်မှာ ခရီးသည်နှင့်ကုန်စည်များကို   လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးခြင်းဖြင့် နိုင်ငံတော်၏ ဘက်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်ပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် လူ၊ ပစ္စည်း၊ ငွေကြေးစသော သယံဇာတများကို လေလွင့်

ဆုံးရှုံးမှုမရှိစေဘဲ  အကျိုးရှိစွာ အထိရောက်ဆုံး အသုံးချနိုင်ရေး၊ ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင်ရသော အခြေအနေတွင်   စီးပွားရေးဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတစ်ဝန်း   ရထားလမ်းကွန်ရက် တစ်လျှောက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်နိုင်မှု စွမ်းပကားမြှင့်တင်ရန်၊ လုံခြုံစိတ်ချစွာ အချိန်တိုအတွင်း  ခရီးသည်နှင့်   ကုန်စည်အများအပြားကို လိုရာခရီးဆုံးအရောက် အထိရောက်ဆုံး သယ်ပို့နိုင်သည့် စွမ်းရည်မြင့်မားသော အဖွဲ့အစည်း ဖြစ်လာစေရေးအတွက် ရည်မှန်းချက် တာဝန်များ ချမှတ်ထားရှိမှုနှင့်အတူ အဆိုပါရည်မှန်းချက် တာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် စွမ်းဆောင်နိုင်ရေးကိုလည်း ရထားဝန်ထမ်း အားလုံးကကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့   အစွမ်းကုန်ကြိုးပမ်း ထမ်းဆောင်နေကြသည်ကိုလည်း မြင်တွေ့နေရသည်။

ပြည်သူလူထုကို ဝန်ဆောင်မှုပေးလျက်ရှိသော သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုဖြစ်သည်နှင့်အညီ ခရီးသွားပြည်သူများအပေါ် ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုပေးနိုင်ရေးနှင့် ပါဆယ်ပစ္စည်းနှင့် ကုန်စည်အမျိုးမျိုးကို ရထားလမ်းတစ်လျှောက်ဒေသအသီးသီးသို့  ဈေးနှုန်းချိုသာစွာ၊ ဆောလျင်စွာသယ်ပို့ပေးနိုင်ရေး တို့သည် ပဓာနကျသည့် ရည်မှန်းချက် တာဝန်တစ်ရပ်ဖြစ်ကြောင်းကို   မြန်မာ့မီးရထား ဝန်ထမ်းအားလုံးက နှလုံးသွင်း ခံယူထားရှိကြပြီးလည်းဖြစ်သည်။

လက်ရှိမြန်မာ့မီးရထား၏ ဌာနများဖြန့်ခွဲ ဖွဲ့စည်းမှုအနေဖြင့် စစ်ဆေးရေးဌာန၊ စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန၊ သွားလာပို့ဆောင်ရေးဌာန၊ စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန၊ မြို့ပြအင်ဂျင်နီယာဌာန၊ စီးပွားရေးဌာန၊ ဘဏ္ဍာရေးဌာန စသည့်ဌာနကြီး ခုနစ်ခုအပြင် အထောက်အကူပြုဌာနခွဲများ အနေဖြင့် အချက်ပြနှင့် ဆက်သွယ်ရေး ဌာန၊ ထောက်ပံ့ဌာန၊ ဆေးဌာနများပါဝင် ဖွဲ့စည်းထားရှိသည်။ ရထားသွားလာမှုလုပ်ငန်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများအား ဖြန့်ခွဲဆောင်ရွက်နိုင်ရန် အတွက် အထက်မြန်မာပြည်အုပ်ချုပ်ရေး ဌာနနှင့် အောက်မြန်မာပြည် အုပ်ချုပ်ရေးဌာနတို့အား မန္တလေးနှင့် ရန်ကုန်တို့၌ ထားရှိပြီး ရထားလမ်းတစ်လျှောက် တိုင်းနယ်မြေ၁၁ ခု ခွဲခြား၍ တိုင်းတာဝန်ခံနှင့် တိုင်းအရာရှိများဖြန့်ခွဲ တာဝန်ပေးအပ်ထားရှိသည်။ စက်ခေါင်းနှင့် တွဲများကြံ့ခိုင်ရေး အတွက် ပြုပြင်မွမ်းမံသည့် စက်ရုံကြီးများအနေဖြင့်  အင်းစိန်စက်ခေါင်းစက်ရုံ၊ ရွာထောင်စက်ခေါင်းစက်ရုံနှင့် မြစ်ငယ်လူစီးတွဲနှင့် ကုန်တွဲပြင်စက်ရုံကြီးများ တည်ရှိသည့်အပြင် နေပြည်တော်၌ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ခုကိုလည်း တည်ဆောက်လည်ပတ်နေပြီဖြစ်သည်။ ရထားလမ်းပေါ်ပြေးဆွဲနေသည့် စက်ခေါင်းနှင့်တွဲများ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ကနဦးပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်ခေါင်းပြင်ရုံများနှင့် တွဲပြင်ရုံများထားရှိသည်။  မြို့ပြအင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုနိုင်ရေးအတွက် ဒေသအသီးသီးတွင် ကွန်ကရစ်ဇလီဖား ထုတ်လုပ်ရေး စက်ရုံများ ထူထောင်ထားရှိခြင်း၊ တံတားပေါင်  အလုပ်ရုံ၊  စက်ယန္တရားပစ္စည်းများ ကြံ့ခိုင်မှု ထိန်းသိမ်းခြင်း အလုပ်ရုံများကိုလည်း တည်ဆောက်ထားရှိပြီး ဖြစ်သည်။ ထို့ပြင် ရထားပေါ်နှင့် ဘူတာရုံများ၊ ရထားနယ်မြေများအတွင်း မှုခင်းကာကွယ်တားဆီး နှိမ်နင်းနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက် ရထားရဲတပ်ဖွဲ့ တစ်ဖွဲ့ကိုလည်း တွဲဖက်ထားရှိသည်။

မြန်မာ့မီးရထား၏ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ခြင်း လုပ်ငန်းအနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ ခရီးသည်ဦးရေ  ၇ ဒသမ ၈၀၁ သန်း၊ ခရီးသည် မိုင် ၅၄၁ ဒသမ ၃၄၂ သန်းနှင့် ခရီးသည်ဝင်ငွေ ကျပ်သန်းပေါင်း  ၁၅၉၀၁ ဒသမ ၀၃၀ သန်း စွမ်းဆောင်နိုင်ခဲ့သည်။

ကုန်စည်ပို့ဆောင်ရေး အနေဖြင့် ကုန်တန်ချိန် ၁ ဒသမ ၇၆၁ သန်း၊ ကုန်တန်မိုင် ၃၅၃ ဒသမ ၉၃၂ သန်းနှင့် ကုန်ဝင်ငွေကျပ်၁၃၅၇၈ ဒသမ ၁၉၀ သန်း စွမ်းဆောင်နိုင်ခဲ့သည်။

ရထားပြေးဆွဲမှု အနေဖြင့် ကိုဗစ်-၁၉  ရောဂါ  ကူးစက်ပြန့်ပွားမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်နောက်ပိုင်းမှစ၍ လက်ရှိနေ့စဉ်လူစီး အမြန်ရထား ၁၂ စင်း၊ စာပို့ရထား ၈ စင်း၊ လူစီး/ကုန်တင်ရထား ၆ စင်း၊  ခရီးတိုရထား  ၂   စင်း၊  မြို့ပတ်နှင့်ဆင်ခြေဖုံးရထား ၃၅ စင်း စုစုပေါင်း၆၃ စင်း၊ ရိုးရိုးကုန်ရထား၊ ကုန်သေတ္တာရထား၊ ကျောက်ရထား၊ အင်ဂျင်နီယာရထား စုစုပေါင်း ၂၄ စင်းပြေးဆွဲပေးလျက်ရှိနေသည်။ ထူးခြားမှုအနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ  တောင်ကြီး-ရွှေညောင်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည့် အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၏ သဘာဝအလှအပများအား အများပြည်သူများ ကြည့်ရှုခံစားနိုင်စေရန်အတွက် စနေ၊ တနင်္ဂနွေ အများပြည်သူရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များတွင် တောင်ကြီးဘူတာမှ ပေါမူဘူတာအထိ  Sight-seeing ရထားကို စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနအလိုက်လုပ်ငန်းများ ထူးခြားအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများတွင် စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန အနေဖြင့် DEMU စက်ခေါင်း သုတေသနပြုတည်ဆောက်ခြင်း၊ မြင်းကောင်ရေ(၁၂၀၀) ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ် ၃ ခေါင်း တည်ဆောက် ထုတ်လုပ်ခြင်း၊ ရထားစက်ခေါင်းနှင့် တွဲများအတွက် လိုအပ်သော စက်အရံပစ္စည်းများကို စက်ခေါင်းစက်ရုံ (အင်းစိန်)၊   ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)နှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)တို့၌ ထုတ်လုပ်ဆောင်ရွက်နိုင်ခဲ့သည်။ တွဲများထုတ်လုပ် တည်ဆောက်မှုအနေဖြင့် ကုန်သေတ္တာတင်တွဲ ၁၀ တွဲတည်ဆောက်နိုင်ခဲ့ပြီး တွဲချိတ်ဆက်ကိရိယာ လဲလှယ်တပ်ဆင်မှုအနေဖြင့် တွဲချိတ်ဆက် ကိရိယာအမျိုးအစား ABC Coupler မှ AAR Coupler သို့  ၃၆ တွဲ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတွင်ပြေးဆွဲရန်  စပိန်နိုင်ငံမှ ရောက်ရှိလာသော ခေတ်မီလူစီးရထားတွဲ DEMU ၆  တွဲပါ  တွဲဆိုင်းသစ်အား ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်တွင် စမ်းသပ်ပြေးဆွဲခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

မြို့ပြအင်ဂျင်နီယာဌာန အနေဖြင့်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအဆောက်အအုံ ၇၄ ခု၊ ဝန်ထမ်းနေအိမ် အဆောက်အအုံ ၅ လုံး၊ တံတား ၁၇ စင်း တည်ဆောက်ပြီးစီးခဲ့သည်။   ထို့ပြင် ပင်းပက်-နောင်ကားလမ်းခွဲ ၁၀ ဒသမ ၇၈ မိုင်ရထားလမ်းအသစ် ဖောက်လုပ်ခြင်း၊ တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေး လုပ်ငန်းအဆင့်(၁)၏ ရန်ကုန်-တောင်ငူ လမ်းပိုင်း  အဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ၈၈ ဒသမ ၅၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အပြီးသတ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိနေသည်။

မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့အပြား ပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေး၊  ရထားလမ်းအခြေခံ အဆောက်အအုံများ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း မသမာသူ၊ အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံတော်ပိုင်  ရထားစက်ခေါင်းနှင့်တွဲများ၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များထိခိုက်ပျက်စီးစေရေး  ပြည်သူအများ ရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်းများ အချိန် ပိုမိုကြန့်ကြာစေရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ယနေ့အချိန်ထိ မြန်မာ့မီးရထား၏ ရထားလမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့်  ရထားဘူတာနယ်မြေ ဗုံးထောင်မိုင်းခွဲဖျက်ဆီးခြင်း အကြိမ် ၁၃၀၊ ရထားတံတားများ မိုင်းခွဲဖျက်ဆီးခြင်း ၅၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။ ထိုကဲ့သို့သော အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ခဲ့မှုများကြောင့် ရထားလမ်း/တံတားများ ထိခိုက်ပျက်စီးခြင်း၊ စက်ခေါင်းနှင့် ရထားတွဲများ လမ်းချော်တိမ်းမှောက်၍  ပျက်စီးဆုံးရှုံးရခြင်းနှင့် ရထားလမ်းပိုင်းပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရမှုများအပေါ် မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများက ဘေးအန္တရာယ် အခက်အခဲများကြားမှ အမြန်ဆုံးလမ်းပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး နေ့နေ့ညညတာဝန်ကျေပွန်စွာပြုပြင်မွမ်းမံခြင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြသည်ကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

မြန်မာ့မီးရထား ဆေးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ဝန်ထမ်းနှင့် မှီခိုသူမိသားစုများ၊ နီးစပ်ရာအရပ်သား ပြည်သူများအား မြန်မာ့မီးရထား ဆေးရုံ၊ ဆေးပေးခန်းများ၌ ပြင်ပလူနာ ၆၆၂၇၃ ဦး၊ အတွင်းလူနာ ၆၇၇ ဦး စုစုပေါင်း ၆၆၉၅၀ ဦးအား မြန်မာ့မီးရထားမှ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ အမှုထမ်းများက ဆေးကုသစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ပြီး ယင်းတို့အနက်  မျက်စိခွဲစိတ်လူနာ ၃၇၁ ဦး၊ ခွဲစိတ်လူနာ၂၄၀ ဦး၊ မွေးလူနာ ၃၀၇ ဦး၊ သွားလူနာ ၆၂၄ ဦးတို့အား မြန်မာ့မီးရထား အထူးကုဆရာဝန်ကြီးများက ကုသပေးနိုင်ခဲ့ခြင်းများအပေါ် ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။

နိုင်ငံတော်အနေဖြင့်လည်း ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတာဝန်ထမ်းဆောင်ရင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသည့် ဝန်ထမ်းများကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ချီးမြှင့်ငွေများအား ပေးအပ်ခဲ့ရာ ၁၉၈၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စက်မှုစီးပွားထူးချွန်တံဆိပ် ပထမအဆင့် ၁ ဦး၊ ဒုတိယအဆင့် ၉ ဦး၊ တတိယအဆင့် ၂၈ ဦး၊ စီမံထူးချွန်တံဆိပ် ပထမအဆင့် ၁၁  ဦး၊ ဒုတိယအဆင့် ၃ ဦး၊ တတိယအဆင့် ၇ ဦး၊ လူမှုထူးချွန်တံဆိပ် ပထမအဆင့် ၁၂ ဦး၊ ဒုတိယအဆင့် ၂၃ ဦး၊ တတိယအဆင့် ၇၅ ဦး ထူးချွန်တံဆိပ်ရရှိသူ စုစုပေါင်း ၁၆၉ ဦး ရှိခဲ့ပြီး ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ချီးမြှင့်ခံရသူ အရာထမ်း/အမှုထမ်း ၄၃၃၆ ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ရဲဗလတံဆိပ် ချီးမြှင့်ခံရသူ ၈ ဦး၊ ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ချီးမြှင့်ခံရသူ အရာထမ်း/အမှုထမ်း ၁၃၇ ဦး၊ ၂၀၂၄ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ချီးမြှင့်ခံရသူ   အရာထမ်း/အမှုထမ်း ၂၀၉ ဦးရှိသည့်အတွက် ၁၉၈၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသူ အရာထမ်း/အမှုထမ်းစုစုပေါင်း ၄၆၈၂ ဦးရှိကြောင်းကိုလည်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

ခေတ်အဆက်ဆက် ပခုံးပြောင်းတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် မြန်မာ့မီးရထားဝန်ထမ်းများ အနေဖြင့် ခရီးသွားပြည်သူများ၏ ယုံကြည်မှုပိုမိုရရှိလာစေရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ ပြည့်စုံကောင်းမွန်စေရေး၊ ရထားများလုံခြုံစိတ်ချစွာ ပြေးဆွဲနိုင်ရေး၊ ရထားအချိန်မှန်ကန်စေရေး၊ သယ်ပို့ပေးရသည့်ကုန်ပစ္စည်းများ ကြန့်ကြာမှုမရှိဘဲလိုရာခရီးသို့ရောက်ရှိစေရေး စသည်တို့ကို ဦးလည်မသုန် ထမ်းရွက်သွားကြရမည်လည်းဖြစ်သည်။ ၂၀၂၄  ခုနှစ် မေလ၁ ရက်တွင် ကျရောက်ခဲ့သောမြန်မာ့မီးရထား၏ (၁၄၇)နှစ်မြောက်  နှစ်ပတ် လည်နေ့နှင့်အတူ ခေတ်အဆက်ဆက်က ရထားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်  ကျရာတာဝန်ကို ဦးလည်မသုန် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူ   ဝန်ထမ်းများအားလုံးကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ပြည်သူတစ်ဦးချင်း၏  စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ဆက်စပ်လျက်ရှိသကဲ့သို့  နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအားလုံး   စည်းလုံးညီညွတ်မှု၊ ငြိမ်ချမ်းသာယာ ဝပြောမှုများအပါအဝင် ကဏ္ဍအသီးသီးနှင့် ဆက်စပ်လျက်ရှိသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍအားနည်းလျှင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအပါအဝင် ကျန်ကဏ္ဍအားလုံး ထိခိုက်နိုင်စေပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဘက်ဘက်က အားနည်းသွားစေနိုင်သည်ကိုလည်း သတိချပ်သင့်သည်။

ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံတစ်ဝန်းလုံး၏ သယ်ယူ ပို့ဆောင်ရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ မြန်မာ့မီးရထားဝန်ထမ်းများ အနေဖြင့် ရထားပြေးဆွဲမှုလုပ်ငန်းတွင် အဓိကကျသည့် လုံခြုံစိတ်ချရမှု၊ အချိန်မှန်ကန်မှု၊ ခရီးသွားပြည်သူများ  စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်မှု  စသည့်အချက်များကို အထူး အလေးထားပြီး  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့် ခေတ်စနစ်နှင့်အညီ ခေတ်မီတိုးတက် ပြောင်းလဲလာသည့် ရထားလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ်လေ့လာ၍ ရထားပို့ဆောင်ရေး လုပ်ငန်းဖြင့်  မိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက်   ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့အစွမ်းကုန် ကြိုးပမ်းထမ်းဆောင်လျက်  မြန်မာ့မီးရထားဂုဏ်၊   နိုင်ငံ့ဂုဏ်ကို ဆက်လက်ထိန်းသိမ်း မြှင့်တင်နိုင်ကြပါစေကြောင်း တိုက်တွန်းရင်း  ၂၀၂၄  ခုနှစ် မေလ ၁ ရက်တွင် ကျရောက်ခဲ့သော မြန်မာ့မီးရထား၏ (၁၄၇)နှစ်မြောက် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုအပ်ပါသည်။   ။

ညီညီ (ရထား)