သွေးချိုဆီးချိုရောဂါနှင့် ဆက်နွှယ်သော သွားနှင့်ခံတွင်း ကျန်းမာရေး

 

သွေးချိုဆီးချိုရောဂါနှင့် ဆက်နွှယ်သော သွားနှင့်ခံတွင်း ကျန်းမာရေး

 

    မျက်မှောက်ခေတ်တွင် သွေးချိုဆီးချိုရောဂါသည် သွားနှင့်ခံတွင်းရောဂါများနှင့် အပြန်အလှန် ဆက်စပ်မှုရှိကြောင်း လေ့လာတွေ့ရှိ လာကြသည်။ သွေးချိုဆီးချို ရောဂါရှိသူများသည် ရောဂါမရှိသူများနှင့် နှိုင်းယှဉ်လျှင် သွားနှင့်ခံတွင်းရောဂါဖြစ်နိုင်ခြေ နှစ်ဆမှသုံးဆအထိပိုများကြောင်း  တွေ့ရှိရသည်။  သွားဖုံးရောင်ရောဂါသည် သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းမထားနိုင်သော အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါရှိသူများတွင် ဖြစ်နိုင်ပြီး  HbA1C ပမာဏ မြင့်မားနေလေ့ရှိ၍ သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲရောဂါများနှင့် ဆက်စပ်မှုရှိပါသည်။ သွေးချိုဆီးချိုရောဂါရှိသူများတွင်  သွားဖုံးရောင်ရောဂါကို  ကုသခြင်းသည် သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုကို ပိုမိုကောင်းမွန်စေကြောင်း တွေ့ရှိရပါသည်။  ပြင်းထန်သောသွားဖုံး ရောဂါဖြစ်သူများ (Gingivitisç Periodontitis)သည် ပုံမှန်ကျန်းမာနေသူများနှင့် နှိုင်းယှဉ်ပါက    သွေးချိုဆီးချိုရောဂါဖြစ်ပွားမှု သိသိသာသာများလာခြင်းနှင့် ဆက်စပ်နေကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။

သွေးချိုဆီးချိုရောဂါရှိသူများတွင် ဖြစ်ပွားနိုင်သော သွားနှင့်ခံတွင်းပြဿနာများမှာ -

၁။ ခံတွင်းခြောက်ခြင်း

    သွေးချိုဆီးချိုရောဂါရှိသူများတွင် တံတွေးစီးဆင်းမှုကို လျော့ကျစေပြီး  ခံတွင်းခြောက်ခြင်းကို ဖြစ်စေသည်။   ခံတွင်းခြောက်ခြင်းသည်   ပါးစပ်နာခြင်း၊ အနာများပိုးဝင်ခြင်းနှင့်   သွားပိုးစားခြင်းတို့ကို  ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။

၂။ သွားဖုံးရောင်ခြင်း(Gingivitis)နှင့် သွားမြစ်ခြေရောင်ခြင်း(Periodontitis) 

    သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်း မထားနိုင်သော သွေးချိုဆီးချိုရောဂါရှိသူများတွင် ဗက်တီးရီးယားပိုးဝင်ခြင်းကြောင့် ပြင်းထန်သော သွားဖုံးရောဂါများကို မကြာခဏခံစားရနိုင်သည်။  သွားဖုံးရောဂါဖြစ်ခြင်းကြောင့်လည်း သွေးတွင်းသကြားဓာတ်ကို ပိုမိုမြင့်တက်စေနိုင်ပါသည်။  Periodontal  disease သည် နာကျင်ခြင်း၊  ခံတွင်းနံ့ဆိုးခြင်း၊  ဝါးရခက်ခဲခြင်းနှင့် သွားများဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။   တချို့သွေးချိုဆီးချို ဝေဒနာရှင်များသည် သွေးတိုးရောဂါအတွက် amlodipine နှင့် nifedipine ကဲ့သို့သော calcium channel blocker   သွေးကျဆေးများသောက်ခြင်းကြောင့် သွားဖုံးကြီးထွားမှုကို ဖြစ်စေနိုင်သည်။

၃။ သွားနှင့်ခံတွင်းဆိုင်ရာကုသမှုများ ပြုလုပ်လျှင် အနာကျက်နှေးခြင်း

    သွေးချိုဆီးချိုရောဂါကို ကောင်းစွာထိန်းမထားနိုင်သူများသည် သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော  သွေးကြောများ ထူလာခြင်း၊ သွေးဖြူဥများ အားနည်းသွားခြင်းတို့ကြောင့် ခံတွင်းခွဲစိတ်မှု  သို့မဟုတ်  တခြားသွားနှင့်ခံတွင်းဆိုင်ရာကုသမှုများပြုလုပ်ပြီးနောက် လျင်မြန်စွာ ပျောက်ကင်းနိုင်ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။

၄။ ခံတွင်းထဲတွင် မှက္ခရုဖြစ်ခြင်း (Thrush)

    ပဋိဇီဝဆေးများကို မကြာခဏ သောက်လေ့ရှိသော သွေးချိုဆီးချိုရောဂါရှိသူများသည်   ပါးစပ်နှင့်လျှာတွင် မှိုပိုးကူးစက်ခံရနိုင်ခြေ များပါသည်။   သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းမရသော သွေးချိုဆီးချိုရောဂါ ရှိသူများ၏ တံတွေးထဲတွင် ဂလူးကို့စ်ပမာဏ မြင့်မားသောကြောင့် မှိုပိုးကူးစက်မှုဖြစ်စေနိုင်သည်။ အထူးသဖြင့် သွားတုများ ဝတ်ဆင်သူများတွင် ပို၍ဖြစ်စေနိုင်သည်။ မှက္ခရု၏လက္ခဏာများမှာ ပါးစပ်အတွင်း အဖြူ သို့မဟုတ် အနီကွက်များဖြစ်ပြီး အလွန်နာကျင်နိုင်သည်။

၅။ ပါးစပ်နှင့် လျှာနာခြင်း

    ဤအခြေအနေသည် မှက္ခရုများ ရှိနေခြင်းကြောင့်ဖြစ်သည်။  ဆေးလိပ်သောက်သော  သွေးချိုဆီးချိုရောဂါရှိသူများသည်   ဆေးလိပ်မသောက်သူထက် မှက္ခရုကြောင့်  သွားဖုံးရောဂါဖြစ်နိုင်ခြေ အဆ ၂၀ ပိုများပါသည်။ ဆေးလိပ်သောက်ခြင်းသည် သွားဖုံးများသို့ သွေးစီးဆင်းမှုကို ထိခိုက်စေပြီး အနာကျက်နှေးစေနိုင်ပါသည်။

၆။ သွားပိုးစားခြင်း  

    သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းမထားနိုင်သော သွေးချိုဆီးချိုဝေဒနာရှင်များတွင်  သွားပိုးစားခြင်း အဖြစ်များသည်ကို တွေ့ရပါသည်။   အထူးသဖြင့်  အသက်ကြီးသူများတွင်   သွားပိုးစားခြင်း၊ ပိုးဝင်ခြင်းနှင့် ပြည်တည်နာများ ဖြစ်နိုင်ပါသည်။

သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အကြံပြုချက်များ

    သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာ ထိန်းညှိခြင်းသည် သွားနှင့်ခံတွင်းပြဿနာ များကို ထိန်းချုပ်ရန်နှင့် ကာကွယ်ရန် အဓိက လိုအပ်ချက်ဖြစ်ပါသည်။ သွေးတွင်းသကြားဓာတ်   ထိန်းချုပ်နိုင်မှုမရှိသူများသည်  သွေးချိုဆီးချိုရောဂါကို  ကောင်းစွာထိန်းချုပ် ထားနိုင်သူများထက် သွားဖုံးရောဂါ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလေ့ရှိသည်။ သို့ဖြစ်၍ -

၁။ သင့်တွင် သွေးချိုဆီးချိုရောဂါရှိပါက သွေးတွင်း ဂလူးကို့စ်ကို ပုံမှန်ရှိရန် ထိန်းချုပ်ပါ။

၂။ ခံတွင်းသန့်ရှင်းရေး ပုံမှန်ပြုလုပ်ပါ။ ဖလိုရိုက်ပါသော  သွားတိုက်ဆေးဖြင့် တစ်ရက်လျှင် နှစ်ကြိမ် သွားမှန်မှန်တိုက်ပါ။ လိုအပ်ပါက သွားပွတ်ကြိုးဖြင့်ပွတ်တိုက်ပါ။

၃။ သင့်တွင် သွေးချိုဆီးချိုရောဂါရှိပါက သင့်ပါးစပ်ကို ပုံမှန်စစ်ဆေးရန် အချိန်ယူပါ။

၄။ သွားနှင့်ခံတွင်းကို ပုံမှန်စစ်ဆေးမှုများပြုလုပ်ရန် သွားဆရာဝန်ထံသွားရောက်ပြီး  သင့်တွင်  သွေးချိုဆီးချိုရောဂါရှိနေကြောင်း ပြောပြပါ။

၅။ သင့်သွားအံကပ်များ မှန်ကန်မှုမရှိပါက သို့မဟုတ် သွားဖုံးများ နီရဲပြီး ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်း၊ သွားဖုံးများနာကျင်ခြင်းဖြစ်ပါက သွားဆရာဝန်ထံပြ၍ကုသမှုခံယူရန် လိုအပ်ပါသည်။

၆။ ဆေးလိပ်သောက်ခြင်းသည်   သွားဖုံးရောဂါကို ပိုဆိုးစေသဖြင့် ဆေးလိပ်ကို ရှောင်ကြဉ်သင့်ပါသည်။

၇။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် များများစားပါ။  သကြားပါသော အစားအစာများနှင့် အဖျော်ယမကာများ စားသုံးခြင်းကို လျှော့ချပါ။

၈။ သွားပိုးစားခြင်းကိုကာကွယ်ရန် သွားကြားသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ခံတွင်းသန့်စင်ဆေးများကို အသုံးပြု၍ ပုံမှန်ခံတွင်း သန့်ရှင်းရေးပြုလုပ်ပါ။

သွေးချိုဆီးချိုဝေဒနာရှင်များ၏  အထွေထွေကျန်းမာရေးနှင့် ခံတွင်းကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန်   ကြိုတင်ကာကွယ်စောင့်ရှောက်မှုကို   ရေရှည် ဆောင်ရွက်သင့်ပါသည်။ သွေးချိုဆီးချိုရောဂါ ရှိသူများအနေဖြင့် သွေးတွင်းသကြား ဓာတ်ပုံမှန်ရှိစေရေး ထိန်းချုပ်ရန်လိုအပ်သည့်အပြင် သွားနှင့်ခံတွင်း ကျန်းမာရေးကို ပုံမှန်စစ်ဆေးရန် လိုအပ်ပါသည်။ သွားနှင့်ခံတွင်း သန့်ရှင်းရေးသည် သွေးချိုဆီးချိုရောဂါ ကုသမှုတွင်အခြေခံကျသော   လိုအပ်ချက် တစ်ရပ်ဖြစ်ကြောင်း အသိပညာပေး ရေးသားလိုက်ရပါသည်။