အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
ကိုလတ်ကတော့ ပြုံးနေတာပဲ။ ဘာမှလည်း ဖြေရှင်းချက်မထုတ်ဘူး။ လိုလည်း မလိုပါဘူးလေ။
သူ့ဘက်မှာ ကိုအောင်တစ်ယောက်လုံးရှိနေတာပဲ။
ကိုအောင်တစ်ယောက်တည်းရှိတာနဲ့ သူ့ဘဝဟာ ပြည့်စုံနေပြီပဲ။
ကိုလတ် ကံကောင်းပါတယ်။
ပြီးတော့ ကံလည်းကောင်းတတ်ပါတယ်။
ညနက်လာလေလေ မိုးကောင်းကင်ကြီးဟာ မှောင် လာလေလေပဲ။
လျှပ်ရောင်နဲ့အတူ မိုးသက်လေတွေဟာ ခပ်ကြမ်း ကြမ်းတိုက်လာခဲ့တယ်။
သည်ည မိုးရွာတော့မှာ သေချာပါတယ်။
ကိုလတ်ဆိုပြတဲ့ အသံမပါတဲ့သီချင်းထဲက စာသား တွေကို အောင်သတိရလာမိတယ်။
ကိုလတ်ရဲ့ အင်္ဂလိပ်အသံထွက် လေယူလေသိမ်း တွေဟာ သိပ်ကောင်းတာပဲ။
ကိုလတ်က ခေတ်လူငယ်ပေမယ့် အင်္ဂလိပ်စာလည်း အဖတ်များတယ်။
ယနေ့ လူငယ်လောကမှာ မြန်မာစာကလွဲပြီး တခြား ဘယ်ဘာသာမှ ကျွမ်းကျင်ခွင့်မပေးတဲ့ အခြေအနေမျိုးကို ကိုလတ်သနားတယ်။
စိတ်လည်းမကောင်းဘူး။ အောင်ကတော့ ဒေါသထွက်နေတတ်တယ်။
အောင်ကိုယ်တိုင်တောင် အင်္ဂလိပ်စာသိပ်မတတ် ဘူး။ ဖတ်ရင်လည်း နားမလည်ဘူး။
မြန်မာလို ဘာသာပြန်တဲ့စာအုပ်တွေပဲ လိုက်ရှာ ဖတ်ရတယ်။
တိုင်းပြည်က ခေါင်းဆောင်တွေ၊ လူတော်တွေ တစ်ယောက်တစ်ယောက်ကို ဘာသာသုံးလေးမျိုး အနည်းဆုံးတတ်တာကို အောင်သိပ်အားကျတာပဲ။
သည်လို အတွေးပေါင်းစုံက အောင့်ရဲ့နှလုံးသားကို ရစ်ပတ်နှောင်ဖွဲ့နေတုန်း မိုးတွေရွာတယ်။
မိုးရွာလာတာနဲ့ ဖားအော်သံတွေ၊ ပိုးမွှား၊ ပုရစ် အော်သံတွေဟာ ပျောက်သွားတယ်။
သွပ်ပေါ် မိုးရေကျသံဟာ တဝေါဝေါနဲ့ တဖြည်းဖြည်း ကျယ်လာခဲ့တယ်။
Together with my many companions
The wind for garment
and the rain my drink.
ငါ့ရဲ့ ရဲဘော် အမြောက်အမြားနဲ့အတူတူ
လေကို ဝတ်ရုံအဖြစ်ဝတ်တော့မယ်။
ပြီးတော့...
မိုးရေတွေကို တို့သောက်သုံးတော့မယ်တဲ့...။
အခန်း (၄၈)
ညအချိန်မှာ နက်သည်ထက် နက်လာလေသည်။
အပြင်၌ အလင်းရောင်ရယ်လို့ လုံးဝမတွေ့ရ။
ပတ်ဝန်းကျင်အခြေအနေမှာ တိတ်ဆိတ်နေသည်။
အဆောင်ခေါင်မိုးပေါ်မှာ အိမ်မြှောင်စုတ်ထိုးသံ တစ်ချက်တစ်ချက် ကြားရသည်ကလွဲ၍ တခြားဘာသံ မှ မကြားရတော့။
ချောစုတစ်ယောက်သည်ပင် ပုတီးအာရုံနှင့်အတူ အိပ်မောကျနေလေပြီ။
စောစောကတည်းက သူ့ဂါထာရွတ်သံသည် တစ်စတစ်စ လေးသွားသည်ကို ကြားရကတည်းက ချောစု အိပ်တော့မည်ဆိုတာကို သိနှင့်နေလေပြီ။
မိုသည်းသည်ထက် သည်းလာသဖြင့် အောင်သည် ပြတင်းတံခါးကို ထပိတ်လိုက်လေသည်။
သည်အချိန်၌ လျှပ်စစ်မီးသည် ငြိမ်းသွားပြီဖြစ် သောကြောင့် စားပွဲပေါ်တင်ထားသော ဖယောင်းတိုင် ကို ထွန်းညှိလိုက်လေသည်။
ဗီတာဇုံပုလင်းခွံပေါ်မှ ဖယောင်းတိုင်မီးအရောင် သည် မှိန်လျက်အားနည်းနေသည်။
တေဇောဘမ်းဘူးပေါ် နောက်ထပ်တစ်တိုင် ထွန်းလိုက်ပြန်သည်။
နံနက်သုံးနာရီမှအစပြု၍ အောင်သည် မှတ်တမ်း ရေးနေပေပြီတကား။
အခန်း (၄၉)
မိုးနည်းနည်းစဲသွားတော့ ခမောက်ဆောင်းပြီး အပြင်ထွက်တာနဲ့ စောင်းလျားပင် အုပ်အုပ်လေးကို တွေ့ရတော့တာပဲ။
ညအမှောင်မှာ အားလုံးအိပ်မောကျနေကြတယ်။
နေ့လယ်ခင်းတုန်းက ဆူဆူညံညံအသံတွေ မကြားရတော့ဘူး။
တစ်လောကလုံး တိတ်ဆိတ်နေခဲ့တယ်။
လျှပ်စစ်မီးတွေ ပြန်လင်းလာလို့ အဆောက်အအုံ တွေကို မြင်နေရတယ်။
အိမ်ရှင်တို့ရဲ့ တစ်ထပ်တိုက်ပုလေးရယ်၊ ပျဉ်ထောင် အဆောင်တွေရယ်၊ အုတ်တိုက် အဆောင်တွေရယ် ငြိမ်နေတာပဲ။
စောင်းလျားပင်မှာ ထွေးခင်မျက်နှာကို မြင်နေမိ တယ်။
ငယ်ငယ်တုန်းက ထွေးခင်ရုပ်ကို ဘယ်တော့မှ မမေ့ဘူး။
ထွေးခင်သေဆုံးသွားတဲ့နေ့၊ အဲဒီနေ့ရောက်တိုင်း ရောက်တိုင်း နေ့စွဲတွေကို မင်နီနဲ့တားထားတယ်။ မောင်လေးဆုံးတဲ့နေ့ရောပဲ။
ငါချစ်တဲ့လူတွေဟာ တစ်နည်းမဟုတ်တစ်နည်း သေဆုံးကုန်ကြတယ်။
အထွန်းကို စခင်တော့ အထွန်းသေတယ်ချည်း အိပ်မက်မက်တာ သုံးလေးခါပဲ။ ချောစုတုန်းကလည်း တစ်ခါမက်ဖူးသေးတယ်။
ဆက်လက်ဖော်ပြပါမည်။