ယူကရိန်းဒရုန်းများကို ကြားဖြတ်ရန် ရုရှားက AI ထရပ်ကားများကို အသုံးပြုလာ

 

ယူကရိန်းဒရုန်းများကို ကြားဖြတ်ရန် ရုရှားက AI ထရပ်ကားများကို အသုံးပြုလာ

 

    ရုရှားတပ်ဖွဲ့များက   ဒရုန်းများကို ကြားဖြတ်နိုင်စွမ်းရှိတဲ့ မောင်းသူမဲ့မြေပြင်သုံး ယာဉ်များကို စစ်မြေပြင်မှာ စတင်အသုံးပြုလာပါပြီ။ အထူးသဖြင့် ယူကရိန်းတပ်ဖွဲ့ရဲ့ဒရုန်းများကို ကြားဖြတ် ဟန့်တားနိုင်ဖို့ပါ။

အဲဒီမောင်းသူမဲ့ယာဉ်များကို  NVP Geran ကထုတ်လုပ်ထားတာပါ။ နာမည်ကိုတော့ Abzats  လို့ပေးထားပါတယ်။ သူ့ကို  ဉာဏ်ရည်တုနည်းပညာ - AI နဲ့တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတာဖြစ်ပါတယ်။

AI နဲ့ထိန်းချုပ်ထားတဲ့အတွက်  အဲဒီဒရုန်းယာဉ်က  ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း  အလိုအလျောက် သွားလာနိုင်သလို  အဲဒီလို သွားလာနေစဉ် တစ်လျှောက်မှာလည်း  ယူကရိန်းဒရုန်းများက အသုံးပြုတဲ့ လှိုင်းနှုန်းများ အားလုံးကို ဖိဖျက်နိုင်စွမ်းရှိပါတယ်။

ယူကရိန်းတပ်ဖွဲ့များက   ရုရှားတို့ရဲ့ Tsar တင့်ကို ဒရုန်းကြားဖြတ်နည်းပညာ အသုံးပြုပြီး သိမ်းယူလိုက်နိုင်တဲ့ သီတင်း ပတ်အနည်းငယ် ကြာပြီးနောက် ရုရှားတို့က အခုနည်းပညာကို အသုံးပြုလာတာပါ။

ထုတ်ပြန်ချက်တွေအရပြောရမယ်ဆိုရင် Abzats တွေက တစ်နာရီကို ၃ မိုင်နှုန်းကနေ ၁၅ မိုင်ခွဲနှုန်းအထိ သွားလာနိုင်ပါတယ်။ သူ့ကျောပေါ်မှာတော့  အလေးချိန် ၂၆၅ ပေါင်ရှိတဲ့ ကိရိယာတွေကို တင်ဆောင်ရင်းနဲ့ပေါ့။

Abzats  မှာပါဝင်တဲ့ အီလက်ထရွန်နစ် စစ်ဆင်ရေးပစ္စည်းတွေက   အကွာအဝေး ၉၄ ပေကနေ ၁၉၆၉  ပေအတွင်းမှာရှိတဲ့ ယူကရိန်းဘက်က အသုံးပြုလှိုင်းနှုန်းတွေ အားလုံးကို ကြားဖြတ်နိုင်စွမ်းရှိပါတယ်။

ရုရှားနဲ့ယူကရိန်းတို့ကြား စစ်ပွဲစတင် ဖြစ်ပွားပြီဆိုကတည်းက   မြေပြင်သုံး မောင်းသူမဲ့စနစ်တွေကို တွင်ကျယ်စွာအသုံး ပြုလာကြတာပါ။

နှစ်နိုင်ငံစလုံးကလည်း လက်ရှိအသုံးပြုနေတဲ့ စနစ်တွေကို   ပိုမိုဆန်းသစ်အောင် တီထွင်ဖန်တီးမှုတွေ လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။

အခု   ရုရှားဘက်ကအသုံးပြုနေတဲ့  မြေပြင်သုံးမောင်းသူမဲ့ယာဉ် တစ်ခုမှာဆိုရင် UR-83P အမျိုးအစား မိုင်းရှင်းစနစ်ကို တပ်ဆင်ထားတာ ရှိပါတယ်။

ဒီယာဉ်တွေဟာ အရင်က မြေပြင်ရှာဖွေလေ့လာရေးနဲ့ ရေနံတူးဖော်ရေးအတွက် လေ့လာရေး စက်ရုပ်ယာဉ်များကို  ဒီဇိုင်းပြောင်းလဲပြီး  ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ရုရှားစစ်ဘက်က ယူကရိန်းတို့ရဲ့ဒရုန်းများကို ဖျက်ဆီးမယ့် ကောင်တာဒရုန်းများစွာကိုလည်း စစ်မြေပြင်မှာ အသုံးပြုလျက်ရှိပါတယ်။

အဲဒီထဲကမှတစ်မျိုးက  Gyurza လို့ခေါ်တဲ့   ရွေ့လျားဒရုန်းဖျက်စနစ် တစ်မျိုးဖြစ်ပါတယ်။ ဒီဒရုန်းကို နိုင်ငံအတွင်းမှာပင် ထုတ်လုပ်တာဖြစ်ပြီး  AI နည်းပညာကို အသုံးပြုထားပါတယ်။

လက်ရှိအချိန်မှာ AI နည်းပညာက အဆင့်တစ်ခုကိုရောက်ရှိလာပြီ ဖြစ်ပေမယ့်လည်း စစ်မြေပြင်မှာ ထိရောက်မှုအတိုင်းအတာကိုတော့   ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။