ဟားမတ်အဖွဲ့နှင့် သဘောတူညီချက်ရရှိရန် အစ္စရေးအစိုးရ အသင့်ရှိဟုဆို

 

ဟားမတ်အဖွဲ့နှင့် သဘောတူညီချက်ရရှိရန် အစ္စရေးအစိုးရ အသင့်ရှိဟုဆို

 

    အစ္စရေးအစိုးရအဖွဲ့ အနေဖြင့် ဟားမတ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ  ပြန်လွှတ်ပေးရေး သဘောတူညီချက် ရရှိရန်အသင့်ရှိနေကြောင်း   ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဧပြီလ ၅ ရက်တွင် ပြောသည်။

ဟားမတ်အဖွဲ့နှင့်အစ္စရေး အစိုးရတို့ကြား တိုက်ရိုက်မဟုတ်သော နည်းဖြင့်လုပ်ဆောင်သော နောက်ဆုံးအကြိမ် ဆွေးနွေးမှုအတွင်း အစ္စရေးအစိုးရအဖွဲ့ အနေဖြင့်    သဘောတူညီချက်ကို လက်ခံရန်အသင့် ရှိနေကြောင်း ပြသခဲ့သည်ဟု   နေတန်ယာဟုကပြောသည်။

သို့သော် ဟားမတ်အဖွဲ့၏ တောင်းဆိုချက်တချို့ကို အစ္စရေးအစိုးရ အနေဖြင့် လက်ခံနိုင်စရာ မရှိကြောင်း  နေတန်ယာဟုက ဆက်ပြောသည်။

“ဟားမတ်အဖွဲ့က မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို ဆက်ပြီး တောင်းဆိုပါတယ်။ သူတို့ရဲ့အဓိကတောင်းဆိုချက်က ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတပ်ဖွဲ့များ အားလုံးထွက်သွားရေး၊ စစ်ပွဲကိုအဆုံးသတ်စေရေးနဲ့ ဟားမတ်တို့ကို ဒီအတိုင်းထားရှိပေးရေး ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့တော့ ဒီအချက်တွေကို လက်မခံနိုင်ပါဘူး” ဟု နေတန်ယာဟုက ဗီဒီယိုမှတစ်ဆင့် ပေးပို့သော သတင်းစကားတွင်  ပြောထားခြင်းဖြစ်သည်။

ထို့ပြင် အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များကို ပြန်လည်ရုပ်သိမ်းသွားမည် မဟုတ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

အလားတူ ဂါဇာမှအစ္စရေး တပ်ဖွဲ့များ ဆုတ်ခွာခြင်းသည် အစ္စရေးတို့က လက်နက်ချသည့် အဓိပ္ပာယ်သက်ရောက်ကာ၊ ဟားမတ်နှင့်အီရန်တို့အနေဖြင့် ကြီးမားသော အောင်ပွဲရရှိသည်ဟု ဆိုလိုသွားနိုင်ကြောင်း နေတန်ယာဟုက ပြောထားသည်။

အစ္စရေးဘက်က   သဘောတူသည့်အချက်မှာ အပစ်အခတ် ရပ်စဲရေးအတွက်သာဖြစ်ပြီး ထိုသို့သဘောတူရခြင်းမှာလည်း ဟားမတ်တို့လက်တွင်း အဖမ်းခံထားရသည့် အစ္စရေးဓားစာခံများ  လွတ်မြောက်ရေး အတွက်ဖြစ်ကြောင်း    ဝန်ကြီးချုပ်က ပြောထားသည်ဟု သိရသည်။