၂၀၂၄ ခုနစ် ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

 

၂၀၂၄ ခုနစ် ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)   တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၄ မေ ၆

၂၀၂၄ ခုနစ် ၊ ကာကွယ်ရေးဦးစီးချုပ် (လေ)   တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်(လေ) စက်ပစ်ကွင်း၌ ပြုလုပ်ရာ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများ ၊ အရာရှိ ၊ စစ်သည် ၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား ဌာနချုပ်မှူးက အဖွင့်အမှာစကား ပြောကြား   သည်။ ထို့နောက် ဌာနချုပ်မှူးက မိုးပျံပူဖောင်းအား သေနတ်ဖြင့်ပစ်ဖောက်၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များ ဖြစ်သည့် ပစ္စတို(အမြန်နှင့်လျှပ်တပြက်) ပစ်ခတ်စဉ်(အမျိုးသား/အမျိုးသမီး) ပွဲစဉ်၊ ကာဘိုင် ပစ်ခတ်စဉ်(အမျိုးသား၊ အမျိုးသမီး)ပွဲစဉ်များ ကို ကြည့်ရှုအားပေးသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)   ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ပါဝင် ယှဉ်ပြိုင်ပြီး ပြိုင်ပွဲတွင် ပစ္စတိုပစ်ခတ်စဉ်(အမျိုးသား/အမျိုးသမီး)၊ ကာဘိုင်ပစ်ခတ်စဉ်  (အမျိုးသား/အမျိုးသမီး)၊ ရိုင်ဖယ်ပစ်ခတ်စဉ်(အမျိုးသား)နှင့် စက်သေနတ်ပစ်ခတ်စဉ် (အမျိုးသား) စသည့်ပစ်ခတ်စဉ်များကို မေလ ၁၀ ရက်နေ့ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။