မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၀၀၀ ကီလို(၅ တန်) ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၀၀၀ ကီလို(၅ တန်) ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေလ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း၊ သံရွာအနီးတွင် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မင်းမင်းခိုင် မောင်းနှင်ပြီး အောင်ထွန်းနိုင် လိုက်ပါလာသည့် NISSAN DIESEL ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးနေစဉ် ၎င်းတို့ ၂ ဦးမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ မင်းမင်းခိုင် မှာ သေနတ်ဒဏ်ရာ ၁ ချက်ရရှိကာ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဆီဘောက်ဆာ ယာဉ်၏ ဆီများထည့်သည့် အကန့် ၂ ကန့်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၀၀၀ ကီလို(၅ တန်) သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။