အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    ချောစုက အယူသီးတတ်လို့ ပြန်မပြောတော့ပါ ဘူး။

ကိုလတ်ကျတော့ တစ်ခါမှ သည်လိုမမက်ဖူးဘူး။ ကိုလတ်နဲ့ တစ်နေရာစီ အဝေးကြီးမှာနေရတယ်လို့ တော့ မက်ဖူးတယ်။

ဒါလည်း စိတ်စွဲလို့ထင်ပါရဲ့။ သူ့အပေါင်းအသင်းတွေကိုရော၊   လူတွေကိုရော သွေးအေးအေးနဲ့ အနိုင်ယူတတ်တဲ့ကိုလတ်ဟာ သေမင်းကိုလည်း အနိုင်ယူနိုင်ပါစေလို့ စိတ်ထဲက ခဏ ခဏဆုတောင်းနေမိတယ်။

မနက်ကျရင် ဆေးရုံကို လိုက်သွားရမှာမို့ တစ်ရေးအိပ်ရင် ကောင်းမလားလို့ ကိုယ့်ဘာသာကိုယ်တွေးရင်း အိပ်ကြည့်တယ်။ မရဘူး။ နည်းနည်းမှ အိပ်လို့မရဘူး။

ဒါနဲ့ နာရီကြည့်လိုက်တော့ ငါးနာရီတောင်ရှိသွားပြီပဲ။

စိတ်ထဲမှာ တင်းတင်းကျပ်ကျပ်ဖြစ်နေတာနဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။

လေတွေ ဒလဟောတိုးဝင်လာတော့မှ ရင်ထဲမှာ နည်းနည်းအေးသွားတယ်။

အသက်ရှူလိုက်တော့ ငါ့ရင်ထဲမှာ အောင့်အောင့် နေတယ်။

ငါကြားဖူးတဲ့ ချစ်သူနှစ်ဦးရဲ့ ပုံပြင်ကလေးတစ်ခုကို သွားသတိရမိတယ်။

ကောင်မလေးရဲ့ချစ်သူဟာ  လေဖြတ်ပြီး  ရုတ်တရက်မူးလဲလို့ ဆေးရုံတင်လိုက်ရတယ်။

မျှော်လင့်ချက်မရှိဘူးလို့ ပြောသံလည်းကြားရော တစ်ခါတည်း ကောင်မလေးဟာ စိတ်ထိခိုက်ပြီး မူးလဲသွားတာ အသက်ပါ ပါမလာတော့ဘူးတဲ့။

ကောင်လေးကတော့ နေပြန်ကောင်းပြီး အသက်ရှင်တယ်။

ကိုလတ်နဲ့ ငါနဲ့ အဲဒီလိုများဖြစ်နေမှာလား။

အဲလိုဖြစ်ခွင့်များ ရမယ်ဆိုရင် ငါသေမင်းကို အနိုင် မယူပါဘူး။

ကိုလတ်အစား သေခွင့်ရမယ်ဆိုရင် ငါသေရဲပါ တယ်။

သည်အခါမယ် ကိုလတ်ဟာ အသံမပါတဲ့သီချင်း ကို ထပ်တလဲလဲဆိုနိုင်မယ်။

သူလုပ်ချင်ရာတွေ လုပ်ခွင့်ရမယ်၊ သူ့ဘေးမှာ သူ သိပ်ချစ်တဲ့သူငယ်ချင်း ကိုအောင်လည်း ရှိနေတာပဲ။

ငါမရှိလည်း သူလောကကြီးမှာ နေတတ်မှာပါ။ နေလို့ဖြစ်မှာပါ။

သူမရှိရင်သာ ငါ...။

မနက် ဝေလီဝေလင်းမှာ ကျီးတွေနဲ့အတူတူ အစာ ရှာရတဲ့လူသားတွေကိုလည်း ငါ တွေ့ရတယ်။

ငါတို့ အဆောင်ခြံစည်းရိုးခတ်ထားတဲ့သွပ်ပြားတွေနဲ့ကပ်လျက် ရိုးမရိပ်သာလမ်းထဲက လူတွေရဲ့သွားတာ၊ လာတာ စကားပြောသံတွေ ကြားနေရတယ်။

သူတို့ဟာ ထမင်းချိုင့်လေးတွေဆွဲလို့ အလုပ်ခွင် ဝင်ကြရတာပဲ။

ခြံစောင့်အဘိုးကြီးရဲ့   ချောင်းဟန့်သံကိုလည်း အဆက်မပြတ်ကြားနေရတယ်။

ဆေးရုံမသွားခင် သူ့ကို မုန့်ဖိုးပေးသွားဦးမယ်။

ပြီးတော့ ကိုလတ်အတွက် ဆုတောင်းပေးပါလို့ ပြောရမယ်။

မဝတ၀စားဖို့ထည့်ထားတဲ့   ငစိန်ထမင်းပေါ်က ကန်စွန်းရွက်ကြော်ချက်လေးစားနေရတဲ့ ဦးကြီးအတွက် မုန့်ဖိုးနှစ်ကျပ်ဟာလည်း တစ်မနက်စာ ဖူလုံကောင်းပါ ရဲ့။

ကျွန်တော် ကိုလတ်ကိုလည်း သည်မနက်စာလေး ဆုတောင်းပေးပါလို့ ပြောချင်တယ်။

အလုပ်သမားလေးတစ်ယောက်ရဲ့ သီချင်းသံက တော့ ငါ့ရင်ထဲမှာ နင့်သွားတယ်။

ပျော်ရွှင်ကြည်နူးရတာ သည်တစ်ခါ နောက်ဆုံးဖြစ် မှာ...စိုးရိမ်တယ် အချစ်ရယ်...ကြင်နာတဲ့စကား ပြောတာ သည်တစ်ခါ နောက်ဆုံးဖြစ်မှာ စိုးရိမ်တယ် အချစ်ရယ်တဲ့။

နောက်ဆုံးတဲ့၊ နောက်ဆုံး။

နောက်ဆုံးမဖြစ်ပါစေနဲ့၊ နောက်ဆုံးဆိုတာကို ငါ ကြောက်တယ်။

“စိုင်း ပြန်ရဦးမယ်” ဆိုတဲ့ သီချင်းစာသားတွေဟာ စိတ်ထိခိုက်စရာချည်းပဲ။

မပြန်နဲ့ဦး မပြန်နဲ့ဦးကွယ်၊ နေပါဦးလို့ မပြောတောင် မှ နားလည်တယ်။

တို့လည်း ဘယ်ခွဲရက်မှာလဲ...။ သည်သီချင်းကို ငါ မကြားချင်တော့ဘူး။

ခွဲစိတ်ခုတင်ပေါ်က အားနည်းဖျော့တော့ပြီး ဖြူ ဆွတ်နေတဲ့  ကိုလတ်မျက်နှာကိုပဲ  ငါမြင်နေတော့တယ်။

“ကိုလတ်မသေပါစေနဲ့” လို့ ငါ့စိတ်ထဲက ပြောလိုက်တာဖြစ်ပေမယ့် နှုတ်က အသံထွက်သွားတယ်။

ချောစုက ဘာလဲ ဘာလဲ၊ အိပ်ရာက ကမန်းကတန်း လူးလဲထမေးတော့ ငါငိုနေပြီ။

မနက်ကျတော့ ငါရယ်၊ ချောစုရယ်၊ ဆန်းဆန်းမြင့်ရယ်၊ မမစံရယ် ဆေးရုံလိုက်သွားကြတယ်။

ဆေးရုံဝမှာ ကိုအောင်က လွယ်အိတ်လေးလွယ် လို့ ငါတို့ကို ရပ်စောင့်နေတယ်။

ကိုအောင်လည်း တစ်ညလုံးမအိပ်ရလို့ မျက်တွင်းဟောက်ပက်နှင့် ပါးရိုးတွေချောင်ကျနေတယ်။

“ဘယ့်နှယ်နေလဲ” လို့ ငါကမေးတော့ ကိုအောင် က မျက်နှာမကောင်းလှဘူး။ မခွဲရသေးဘူး။ သွေးအား သိပ်နည်းပြီး  သွေးပေါင်ချိန်တွေကျနေလို့  အခြေအနေကောင်းအောင် ပြန်လုပ်နေရတယ်။

သွေး ၁၀ ပုလင်းရှိပြီ သွင်းတာ။

ဒီတော့ ငါ့ရင်ထဲ ဟင်းလင်းပွင့်သွားပြီး လူက မိုက်ခနဲဖြစ်သွားလို့ ချောစုပခုံးကို အသာကိုင်လိုက်ရတယ်။

ချောစုကတော့ ငိုချည်းနေတာပဲ။

မငိုပါနဲ့ဟာ၊ ကိုလတ် ဘာမှမဖြစ်သေးဘဲနဲ့။

ကိုအောင်စကားမှားသွားတယ်။

မဖြစ်သေးဘဲနဲ့ဆိုတော့ နောက် ဖြစ်တော့မလိုလို။

ကိုအောင်ကလည်း နောက်တော့မှ သူ့စကားကို သူ သတိရလာပုံရတယ်။

 

ဆက်လက်ဖော်ပြပါမည်။