ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပ

 

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပ

 

    ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တော်ခန်းမ၌ မေလ ၆ ရက် နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ၂၀၂၄ ခုနှစ်  ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းစဉ် စတင်ခဲ့သည့် နှစ်(၅၀)မြောက် နှစ်ပတ်လည်နေ့ဖြစ်ကာ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းဖြင့် နှစ်စဉ် အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုး တိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ် တစ်ခုဖြစ်ကြောင်း၊ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း ၂၀ ကျော်ကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည့်အပြင် မွေးကင်းစမှ   အသက် တစ်နှစ်ခွဲအထိ လည်းကောင်း၊   အသက်ငါးနှစ်အောက်  ကလေးငယ်များအား လည်းကောင်း၊ အသက်ကိုးနှစ်မှ ဆယ်နှစ်အရွယ် မိန်းကလေးများအား လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများအား ပုံမှန်ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း၊  “ကလေးငယ်များအနာဂတ်လှပဖို့ လူတိုင်းပါဝင် ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့”   ဆောင်ပုဒ်အတိုင်း ကလေးငယ်များ၏ အနာဂတ်လှပစေရေးအတွက်   အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးရမည့်  ကာကွယ်ဆေးများ တစ်ယောက်မကျန် ထိုးနှံတိုက်ကျွေးရေး အတွက်  ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော  အဖွဲ့အစည်းများက  ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  တိုင်းဒေသကြီးအဆင့်  ဌာနဆိုင်ရာများ၊  ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းသား၊ သင်တန်းသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး   ရက်သတ္တပတ် အထိမ်းအမှတ် Video Clip အား ကြည့်ရှုကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က အသက်တစ်နှစ်အောက် ကလေးငယ်များအား    ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနေမှုနှင့် အသက်ငါးနှစ်အောက် ကလေးများအမီလိုက် ကာကွယ်ဆေးထိုးနှံ  တိုက်ကျွေးနေမှု တို့အား လိုက်လံကြည့်ရှု အားပေးပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။