မင်္ဂလာဒုံမြို့နယ် သန့်ရှင်းသာယာ လှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

မင်္ဂလာဒုံမြို့နယ် သန့်ရှင်းသာယာ လှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်   မေ  ၆

    ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်း ရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  မင်္ဂလာဒုံမြို့နယ် လမ်းဆုံပိုင်းရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်အကြား ထောက်ကြန့်လမ်းဆုံသို့ သွားရောက်၍ စည်ပင်သာယာဝန်ထမ်းအင် အားဖြင့် လမ်းမပေါ်သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေဆေးကြောခြင်းကို မြို့ပတ်လမ်းဆုံအထိ ဆက်လက်ဆောင်ရွက်ရန်နှင့်  ဂျိုးဖြူရေပိုက်လိုင်းဝဲ/ယာ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်မှုများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန် မှာကြားသည်။

 ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန ထောက်ကြန့် ရတနာဈေးသို့ သွားရောက်၍ ကုန်ဈေးနှုန်း တည်ငြိမ်စေရေး၊ ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သားငါးများ သန့်ရှင်း လတ်ဆတ်မှုရှိ/မရှိ၊ အစားအစာများတွင် ဓာတုဆိုးဆေးများ သုံးစွဲထားမှု ရှိ/မရှိနှင့် အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချမှုရှိစေရေးဆောင်ရွက်မှု အခြေအနေများကို ကြပ်မတ် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ဧကရာဇ်ရပ်ကွက်  ရန်ကုန်-ပဲခူးလမ်းရှိ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန ရတနာသီရိဈေးသို့ သွားရောက်၍ ခြံစည်းရိုးကာရံမှု၊ လွတ်လပ်ရေး ကျောက်တိုင် စိုက်ထူထားရှိမှု၊ ရေစီးရေလာ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။   

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ရန်ကုန်-ပဲခူးလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန မြနန္ဒာပန်းခြံသို့သွားရောက်၍ ပန်းခြံအတွင်း စိမ်းလန်းစိုပြည်စေရေး အတွက် မြက်ခင်းများ ဖြတ်ညှိ၍ မြေယာရှုခင်း ဆောင်ရွက်နေမှု၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ ရန်ကုန်-ပဲခူးလမ်းနှင့် မြနန္ဒာပန်းခြံအကြား အရှည်ပေ ၅၀၀ အုတ်ရေမြောင်းတည်ဆောက် ပြီးစီးမှုကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာစံပြကျေးရွာ ပုလဲ(၂)ရပ်ကွက် ဇလပ်လမ်းအား ကွန်ကရစ် ခင်းကျင်းပြီးစီးမှု၊ တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်   ပါရမီလမ်းတွင် တကောင်းမြောင်းသို့ စီးဆင်းသည့် ပါရမီလမ်းအုတ်ရေမြောင်းတည်ဆောက်နေမှု၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် စက်မှု(၃)လမ်းတွင်ခုနှစ်ပင်လိမ်ချောင်းနှင့် စက်မှုရတနာလမ်းအကြား ကွန်ကရစ်ခင်းကျင်းလမ်း အဆင့်မြှင့်တင်နေမှု၊ သာကေတမြို့နယ် ၇/အရှေ့ရပ်ကွက် ပိတောက်ရွှေဝါလမ်းနှင့် သာကေတအဝိုင်းအကြား လမ်းသားတိုးချဲ့ ကွန်ကရစ် ခင်းကျင်းနေမှု၊ ယာဉ်ရပ်နားရန်နေရာ တည်ဆောက်နေမှုနှင့်  အုတ်ရေမြောင်းတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။