အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)အား ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ကြည့်ရှုစစ်ဆေး

 

အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)အား ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဧပြီ  ၆

    စက်မှုဝန်ကြီးဌာန၊   ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေလ ၄ ရက် နံနက် ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေး ခန်းမ၌ စက်ရုံမှူးက  ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ်အတွင်း  ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လေးထောင့်ပုံ သံမဏိချောင်းများ လျာထားချက်နှင့်အညီ ထုတ်လုပ်နိုင်ရေးအတွက်  စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လျာထားချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ  ကောင်းမွန်ရန်လိုအပ်ကြောင်း၊ သံရည်ကျိုအလုပ်ရုံနှင့် အထောက်အကူပြု အလုပ်ရုံတို့ရှိ စက်ပစ္စည်း ကိရိယာများကို  စဉ်ဆက်မပြတ်စစ်ဆေး ပြုပြင်ထားရမည်ဖြစ်ကြောင်း၊  သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များနှင့် နည်းပညာများကို စက်ရုံရှိဝန်ထမ်းအားလုံး သိရှိစေရေးအတွက် လုပ်ငန်းခွင်မပြတ် လေ့ကျင့်သင် ကြားပေးကြရမည်ဖြစ်ကြောင်း၊ လျာထားချက် ပြည့်မီအောင်   ထုတ်လုပ်နိုင်ရေးအတွက်  ဝန်ထမ်းအားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်  တွေ့ကြုံရမည့် အခက်အခဲများကိုလည်း  စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သံရည်ကျိုလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို    လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေသည့် ဝန်ထမ်းများအား   အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဆေးဝါးစက်ရုံ (အင်ရောင်း)မှ    ထုတ်လုပ်သည့် ဓာတ်ဆားထုပ်များနှင့် ဓာတ်ဆားရည်ဘူးများ ပေးအပ်သည်။

ဆက်လက်၍ တန် (၁၂၀) ထုံးကျောက်ထုတ်လုပ်ရေး အလုပ်ရုံတွင် စက်ပစ္စည်းများ စစ်ဆေးပြင်ဆင်နေမှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေနှင့် Cold Box Structure ဆေးသုတ်ထားသည့် အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။