နေအိမ်ထဲက အသံတိတ်ညစ်ညမ်းမှုများကို ဖန်တီးသူများ

နေအိမ်ထဲက အသံတိတ်ညစ်ညမ်းမှုများကို ဖန်တီးသူများ

 ဒီကနေ့ခေတ်မှာ  လူတော်တော်များများက ဂက်(စ်)မီးဖိုများကို အသုံးပြုလာကြတယ်။ ကျွန်တော်တို့ကိုယ်တိုင်

လည်း နေအိမ်မှာအသုံးပြုလျက်ပါ။

ဒါပေမဲ့ သူ့ရဲ့ကျန်းမာရေး အကျိုးဆက်တွေကိုတော့ ဘယ်လိုမှမသိရှိထားသလို အခုဆောင်းပါးလေးကို မဖတ်ခင်အချိန်အထိ ဂက်(စ်)မီးဖိုတွေကို အသုံးပြုခြင်းအားဖြင့် ကိုယ့်ကျန်းမာရေးကို မထိခိုက်စေဘူးလို့ ယူဆထားသူပါ။

လူတော်တော်များများက ဘာကြောင့်ဂက်(စ်)မီးဖိုကို      အသုံးပြုလဲဆိုရင် လျှပ်စစ်စွမ်းအင်အသုံးပြုမှုကို  ချွေတာချင်လို့ရယ်၊ ဟင်းတွေကို ကိုယ်ကြိုက်တဲ့အချိန်မှာ ကြိုက်သလိုကြော်လှော်ချက်ပြုတ်နိုင်ဖို့ရယ်အတွက်ပဲ အသုံးပြုကြလေ့ရှိတာပါ။

ဂက်(စ်)မီးဖိုကို   အသုံးပြုတာဟာ တော်တော်လေးကို  အဆင်ပြေတယ်။ ဟင်းတွေလည်းအကျက်မြန်တယ်။ ဒါပေမဲ့ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိစမြဲပေါ့။ အဲဒီအားနည်းချက်ကို အခုဒီနေရာကနေ ကျွန်တော်ကပြောပြသွားပါမယ်။

ဂက်(စ်)မီးဖိုများကို အသုံးပြုခြင်းအားဖြင့်   နေအိမ်ထဲမှာရှိတဲ့သူတွေက နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တွေကို ကျန်းမာရေးနဲ့မညီညွတ်တဲ့ပမာဏ အထိရှူမိနေတယ်လို့ အမေရိကန် သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။

ဂက်(စ်)မီးဖိုကိုတစ်နာရီလောက် အသုံးပြုလိုက်တာနဲ့ပဲ လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့အရာတွေက ဂက်(စ်)မီးဖိုကို ပိတ်ပြီး လေးနာရီကြာသည့်တိုင် တည်ရှိနေတယ်လို့ ပါမောက္ခရော့ဂျက်ဆန်က ပြောပါတယ်။

ဒီလိုမျိုးဂက်(စ်)မီးဖိုကနေ ထွက်ရှိလာတဲ့ လေထုညစ်ညမ်းမှုကိုဖြစ်စေသောအရာတွေက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသူအတွက် သာမကဘဲ တစ်အိမ်လုံးမှာရှိတဲ့မိသားစုဝင်တွေကိုပါ အန္တရာယ်ဖြစ်စေတာပါ။

နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ကို အချိန်ကြာမြင့်စွာရှူမိလာတာနဲ့အမျှ ပန်းနာရင်ကျပ်ရောဂါကို    ဖြစ်လာစေတယ်။

ကလေးငယ်တွေမှာ အဆုတ်ဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းစေတယ်။   နောက်ဆုံးမှာအသက်ကိုတိုစေတယ်။

လူတော်တော်များများက မော်တော်ကားတွေမှာ  ရုပ်ကြွင်းလောင်စာတွေကို မီးရှို့လိုက်လို့ ထွက်လာတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကသာ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ရှုမြင်ထားကြတာပါ။

ဒါပေမဲ့ ပညာရှင်တွေရဲ့လေ့လာချက်အရဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးငယ်အယောက်နှစ်သိန်းလောက်က ပန်းနာရင်ကျပ်ရောဂါ  ခံစားနေရတာတွေဟာ ဂက်(စ်)မီးဖိုတွေကြောင့်   ဖြစ်တယ်လို့ သိရပါတယ်။

ဂက်(စ်)မီးဖိုမှာ ဓာတ်ငွေ့အများအပြားကို မီးလောင်ကျွမ်းမှုဖြစ်စေလေ၊ ကိုယ်တိုင်ကလည်း အဆိပ်သင့်အမှုန်တွေကို ပိုပြီးတော့ရှူမိလေပါ။

ဂက်(စ်)မီးဖိုတွေကနေထွက်တဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ကြောင့် ပန်းနာရင်ကျပ်ရောဂါကို ဖြစ်စေရုံ သာမကပါဘူး။ တခြားဆိုးကျိုးများစွာလည်း  ရှိပါသေးတယ်။

အဲဒါကတော့  အမေရိကန်နိုင်ငံရှိ နေအိမ်တော်တော်များများမှာ ဂက်(စ်)မီးဖိုတွေအသုံးပြုမှုနဲ့   နှစ်စဉ်လူပေါင်း ၁၉၀၀၀ ခန့်သေဆုံးနေရမှုတို့ ဆက်စပ်နေခြင်း ဖြစ်ပါတယ်။

အဲဒီလိုသေဆုံးရသူ ၁၉၀၀၀ ခန့်ဆိုတာ တစ်ဆင့်ခံအငွေ့ရှူမိလို့သေဆုံးရသူအရေအတွက်အနက် ၄၀ ရာခိုင်နှုန်းရှိတယ်လို့ ပညာရှင်များကဆိုပါတယ်။

ဒီလိုမျိုးဖော်ထုတ်ချက်ကိုရရှိနိုင်ဖို့အတွက် ပညာရှင်များဟာ ဂက်(စ်)မီးဖို အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့နေအိမ်

မှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ကို ဘယ်လောက်ပမာဏအထိ ရှူမိနေတယ်ဆိုတာရယ်၊  ပြင်ပမှာ  ဒီလိုဓာတ်ငွေ့ကို ရှူမိနေလို့    သေဆုံးသူဘယ်လောက်အထိ ရှိနိုင်တယ်ဆိုတဲ့ တွက်ချက်မှုတွေရယ်ကို အခြေခံထားတာပါ။

တချို့နေအိမ်တွေက မီးဖိုချောင်ကို သပ်သပ်ထားရှိပြီး လေစုပ်ပန်ကာများကိုလည်း တပ်ဆင်ထားလေ့ရှိပါတယ်။ ဒီလို ထားလိုက်လို့  နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ရဲ့ ရန်ရှာမှုကနေ လွတ်မသွားပါဘူး။

 ကျယ်ဝန်းတဲ့မီးဖိုချောင်တွေ၊ ကြီးမားတဲ့လေစုပ်ပန်ကာတွေရှိသည့်တိုင် ဂက်(စ်)မီးဖိုကနေထွက်ရှိလာတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏက အန္တရာယ်ရှိတဲ့အဆင့်အထိ ဆက်လက်တည်ရှိ နေနိုင်စွမ်းရှိပါတယ်။

နေအိမ်ကြီးတွေမှာတောင်မှ ဂက်(စ်)မီးဖိုက ဒီလောက်အထိ အန္တရာယ်ပေးနေတယ်ဆိုရင် နေအိမ်ငယ် လေးတွေမှာဆို ရင်  ဘယ်လောက်ထိတောင် အန္တရာယ်များလိမ့်မလဲ။

တကယ်လို့များ ကိုယ်ကအိပ်ခန်းနှစ်ခန်းစာသာ   အကျယ်ရှိတဲ့နေအိမ်မှာ နေထိုင်ပြီး ဂက်(စ်)မီးဖိုကို အသုံးပြုနေရသူ ဆိုရင်တော့ ပျမ်းမျှပမာဏထက်နှစ်ဆပိုပြီး နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ရှူရှိုက်မိနေနိုင်ပါတယ်။

နေအိမ်ကြီးတွေမှာ နေသူတွေနဲ့ယှဉ်ရင်တော့ ဂက်(စ်)မီးဖိုကနေထွက်တဲ့ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ကို ရှူမိမှုပမာဏက  လေးဆပိုများနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုယ်ကဘယ်လိုနေအိမ်မျိုးမှာပဲနေနေ  ဂက်(စ်)မီးဖိုကို အသုံးပြုနေသမျှ ကာလ တစ်လျှောက်လုံးမှာတော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကို ရှူမိနေဦးမှာပါ။

အပြင်ဘက်မှာလည်း လေကောင်းလေသန့်ရမလားလို့ လမ်းထွက်လျှောက်တယ်။ ကားတွေကထွက်တဲ့ အဆိပ်သင့် ဓာတ်ငွေ့တွေကိုရှူရတယ်။ အိမ်ထဲမှာလည်း ဂက်(စ်)မီးဖိုကို အသုံးပြုထားတဲ့အတွက် အဆိပ်သင့်ဓာတ်ငွေ့တွေကို ရှူရတယ်ဆိုရင်   ကိုယ့်ရဲ့ကျန်းမာရေးက ဘယ်နေရာမှာ ကောင်းနိုင်တော့မှာလဲ။

ဒီအတွက်ကြောင့် စာချစ်သူများအနေနဲ့ ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိရှိစေဖို့အတွက် ဒီဆောင်းပါးလေးကို ရေးသားတင်ဆက်လိုက်ရခြင်း ဖြစ်ပါတယ်။

                   Ref: SciTech Daily