မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲစတင်ကျင်းပ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ နိုင်ပွဲရရှိ

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲစတင်ကျင်းပ

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ နိုင်ပွဲရရှိ

ရန်ကုန်   မေ  ၇

 

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ယနေ့ညနေပိုင်းမှစတင်ပြီး   ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဧရာဝတီအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။

ယနေ့စတင်ကျင်းပခဲ့သည့် အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်များကို အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စပယ်ကြည်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်   ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်စောဦး၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် ယနေ့ ညနေ ၃ နာရီ ၄၅မိနစ်တွင် ရန်ကုန်မြို့   ပဒုမ္မာအားကစားကွင်း၌ လက်ရှိချန်ပီယံ မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ အပြန် အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို  ပွဲချိန် ၁၅ မိနစ်တွင် နန်းချိုမှူးကလည်းကောင်း၊ ပွဲချိန် ၄၅မိနစ်တွင် ယွန်းဝတီလှိုင်ကလည်းကောင်း သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၄ နာရီတွင် စလင်းအားကစားကွင်း၌  အသင်းသစ်ဧရာဝတီအသင်းနှင့်  သစ္စာအားမာန် အသင်းတို့ ကစားခဲ့ရာ အသင်းသစ်ဧရာဝတီအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဧရာဝတီအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၄၂ မိနစ်တွင် ဇီတာရှင်းကလည်းကောင်း၊ ပွဲချိန် မိနစ် ၇၀ တွင် လဲ့လဲ့လှိုင်ကလည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် မေလ ၈ ရက် ညနေ ၄နာရီတွင် စလင်းအားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့်    ISPE  အသင်းတို့ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်