သတင်းပေး တိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များတင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

သတင်းပေး တိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၇

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍ လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေး စခန်းများ၊ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊  အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုး တန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက် အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။

တာဝန်သိပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် ဧပြီလ အတွင်း သတင်းရရှိမှု (၅၄)ကြိမ် ရရှိခဲ့ပြီး သတင်းမှား(၁၁)ကြိမ်၊ နောက်ကျသတင်း(၂)ကြိမ်နှင့် ဖမ်းဆီးရမိမှု (၄၁)ကြိမ်ဖြစ်သည်။ ဖမ်းဆီးရမိမှု အမှုတွဲ(၇၅)မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း(၃၁)မျိုးအပါအဝင် ခန့်မှန်း တန်ဖိုးငွေကျပ် (၁၁၃၉ ဒသမ ၀၀၃) သန်းနှင့် တရားမဝင် ကုန်စည်များတင်ဆောင်လာသည့် မော်တော် ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။

သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှုတန်ဖိုး ငွေကျပ် (၁၁၃၉ ဒသမ ၀၀၃)သန်း၏ ၂၀ ရာနှုန်းဖြစ်သော  ငွေကျပ်(၂၂၇ ဒသမ ၈၀၁) သန်းကို  သတင်းပေးဆုကြေးငွေအဖြစ်   ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ 

ဆုကြေးများနှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြန်မြန်ဆန်ဆန်ချီးမြှင့်နိုင်ရေး ဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့်   ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍လည်း လစဉ်သတင်းထုတ်ပြန် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍  လက်ကိုင်ဖုန်း - ၀၉-၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃နှင့်  အီးမေး antiillegaltradeinfo@gmail.com သို့ သတင်းပေး ပို့တိုင်ကြားနိုင်ပါကြောင်း    သတင်းရရှိသည်။