ဖိလစ်ပိုင်ပြည်သူ သန်း ၄၀ ခန့်က သောက်သုံးရေချိုမရရှိဟုဆို

 

ဖိလစ်ပိုင်ပြည်သူ သန်း ၄၀ ခန့်က သောက်သုံးရေချိုမရရှိဟုဆို

 

နိုင်ငံအတွင်းရှိ ဖိလစ်ပိုင်ပြည်သူ သန်း ၄၀ ခန့်အနေဖြင့် သောက်သုံးရေချိုကို ရရှိခြင်းမရှိကြောင်း သမ္မတ၏ ပြန်ကြားရေးရုံးက မေလ ၇ ရက်တွင်ထုတ်ပြန်ထားသည်။

ထို့ကြောင့် အစိုးရဌာနများအနေဖြင့် ပြည်သူများကို သောက်သုံးရေချိုရရှိအောင် ထောက်ပံ့ပေးနိုင်မည့် အစီအစဉ်များ ရေးဆွဲတင်ပြရန် ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့က ညွှန်ကြားလိုက်သည်။

သက်ဆိုင်ရာဌာနတွေအနေနဲ့ ပြည်သူသန်း ၄၀ အတွက်သောက်သုံးရေချိုရရှိနိုင်မယ့် အစီအမံတွေကို တင်ပြရပါမယ်ဟု သမ္မတ၏ပြန်ကြားရေးရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သောက်သုံးရေချိုမရရှိသည့် ပြည်သူသန်း ၄၀ အနေဖြင့် သောက်သုံးရေအတွက် နီးစပ်ရာကျွန်းများသို့ ဆိုင်ကယ်ဖြင့် သွားရောက်ခပ်ယူနေရကြောင်း ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်ရေးရာဝန်ကြီးက ပြောသည်။

အဆိုပါပြည်သူများအတွက် သောက်သုံးရေချိုရရှိနိုင်မည့် အစီအစဉ်တစ်ရပ်အနေဖြင့် ပင်လယ်ရေကိုရေချိုသို့  ပြောင်းလဲပေးနိုင်မည့်နည်းလမ်းကို သက်ဆိုင်ရာက စဉ်းစားနေကြောင်း ဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန်က ပြောသည်။

ထိုနည်းလမ်းသည် ကျွန်းစုကျေးရွာငယ်များ၊ ကမ်းရိုးတန်းဒေသများအတွက် အလွန်အသုံးဝင်မည် ဖြစ်သောကြောင့် ရှေ့ပြေးစီမံကိန်းအနေဖြင့် ကျွန်းစုကျေးရွာပေါင်း ၆၅ ရွာတွင် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း   ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျွန်းစုနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်လျှင်   နိုင်ငံသားတစ်ဦးအတွက် ရေချိုပမာဏ ၁၄၀၀ ကုဗမီတာသာ ရရှိနိုင်သည့်နိုင်ငံ ဖြစ်သည်။

ထိုပမာဏသည် ပုံမှန်သတ်မှတ်စံနှုန်းဖြစ်သည့် လူတစ်ဦးအတွက်တစ်နှစ်လျှင် ရေချို ၁၇၀၀ ကုဗမီတာနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါးကြောင်း သိရသည်။

Ref: Xinhua