ဗလာဒီမာပူတင်က ငါးဆက်မြောက်သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

 

ဗလာဒီမာပူတင်က ငါးဆက်မြောက်သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

ရုရှားသမ္မတဗလာဒီမာပူတင်က ငါးဆက်မြောက်သမ္မတသက်တမ်းအတွက် မေလ ၇ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ကရင်မလင်နန်းတော်၌ ကျင်းပခြင်းဖြစ်ပြီး အသက် ၇၁ နှစ်ရှိပြီဖြစ်သည့် ပူတင်က ၎င်း၏ရုံးခန်းမှတစ်ဆင့် ကရင်မလင်နန်းတော်သို့ လာရောက်ခြင်းဖြစ်သည်။

ထိုကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ လွှတ်တော်အမတ်များ၊ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများ တက်ရောက်သည်။

ပူတင်အနေဖြင့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရားသူကြီးချုပ် ဗယ်လာရီဇော်ကင်က ပူတင်ကို  ငါးဆက်မြောက် သမ္မတသက်တမ်းအတွက် အတည်ပြုသည်။ ယခုသမ္မတသက်တမ်းသည် လက်ရှိ အခြေခံဥပဒေဖြင့်ပင် ခြောက်နှစ်ကြာမြင့်မည်ဖြစ်သည်။

ပူတင်သည် ၂၀၀၀ ပြည့်နှစ် ၂၀၀၄ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ် သည်။ ယခုနှစ်တွင်မူ အနောက်အုပ်စုများမှ ကိုယ်စားလှယ်များက ပူတင်၏ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခြင်းမရှိပေ။

မကြာသေးမီကကျင်းပပြီး ထောက်ခံမဲ ၈၇ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့် ပူတင်ကအနိုင်ရရှိခဲ့သည့်  ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့်မျှတမှုမရှိကြောင်း အနောက်နိုင်ငံများက စွပ်စွဲထားသည်။

လက်ရှိအချိန်တွင်   ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေသည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုသည် ရုရှားနိုင်ငံအပေါ် ကြားခံစစ်ဆင်နွှဲနေသည်ဟု ရုရှားဘက်က ပြောထားစဉ် အနောက်အုပ်စုကလည်း ရုရှားနိုင်ငံအပေါ် မည်သည့်အခါကမျှ    မချမှတ်ဖူးသည့် ပိတ်ဆို့မှုများ ချမှတ်ထားကြောင်း  သိရသည်။

Ref: RT