တစ်ရက်အနည်းဆုံးလုပ်အားခ ဘတ် ၄၀၀ ပေးဖို့စီစဉ်နေတဲ့ ထိုင်းအစိုးရ

 

တစ်ရက်အနည်းဆုံးလုပ်အားခ ဘတ် ၄၀၀ ပေးဖို့စီစဉ်နေတဲ့ ထိုင်းအစိုးရ

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဒုတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံပါ။   ဒါပေမဲ့  စားသုံးမှုနှုန်းထားက အနည်းငယ် လျော့ကျနေတဲ့အတွက် စီးပွားရေးအရ ထိခိုက်မှုတချို့ ရှိနေပါတယ်။

ဒီအချိန်မှာ  ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရီသာထာဝီဆင်က အစီအစဉ်တစ်ခုကို ဖော်ဆောင်ဖို့ကြိုးပမ်းလာပါတယ်။ အဲဒါ ကတော့ တစ်ရက်အနည်းဆုံး လုပ်အားခကို ဘတ် ၄၀၀ အဖြစ် သတ်မှတ်ပေးဖို့ပါပဲ။

နိုင်ငံအတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတော်တော်များများက တစ်ရက်အနည်းဆုံး လုပ်အားခတိုးမြှင့်တာနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေအပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ အခုလိုမျိုးတစ်ရက် အနည်းဆုံးလုပ်အားခကို တိုးမြှင့်ရခြင်းက စီးပွားရေးတိုးတက်မှုအတွက်   တွန်းအားတစ်ခုဖြစ်စေဖို့ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က တုံ့ပြန်ထားပါတယ်။

ဒီလိုမျိုးတစ်ရက် အနည်းဆုံးလုပ်အားခတိုးမြှင့်ပေးရခြင်းက အောက်ခြေလူတန်းစားအလွှာတွေရဲ့ နေထိုင်ရှင်သန်မှုနဲ့ သက်ဆိုင်နေပါတယ်။ အဲဒီအောက်ခြေလူတန်းစားတွေဆိုတာက  နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင်အားတွေပါပဲ။ ဒါကြောင့် သူတို့ရဲ့  အသက်ရှင်သန်ရပ်တည်ရေးက အရေးကြီးပါတယ် လို့ ဝန်ကြီးချုပ်က အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောထားတာတွေ့ရပါတယ်။

ထိုင်းဝန်ကြီးချုပ်အနေနဲ့  အခုလိုမျိုးတစ်ရက်အနည်းဆုံးလုပ်အားခတိုးမြှင့်ပေးရခြင်းက   သူ့ရဲ့ ရွေးကောက်ပွဲ ကတိများအနက် တစ်ခုကိုဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။

သူက ၂၀၂၇ ခုနှစ်အရောက်မှာ တစ်ရက်အနည်းဆုံးလုပ်အားခကို ဘတ် ၆၀၀ အထိ တိုးမြှင့်ပေးသွားမယ်လို့   ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက ကတိပေးထားတာပါ။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းက တစ်ရက်အနည်းဆုံးလုပ်အားခကို    ၁၀ ရာခိုင်နှုန်းသာ တိုးမြှင့်ပေးခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနက ဝန်ကြီးချုပ်ရဲ့လုပ်ဆောင်မှုကို သဘောမတူထားပါဘူး။ ဒီလိုတိုးမြှင့်ပေးလိုက်ခြင်းက စီးပွားရေးနဲ့ယှဉ်ပြိုင်မှုအပေါ် သက်ရောက်မှု ကြီးမားစေမယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ    သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များ အဖွဲ့ကလည်း အခုလိုမျိုးတစ်ရက် အနည်းဆုံး လုပ်အားခတိုးပေးခြင်းက     ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ သတိပေးထားပြန်ပါတယ်။

သို့သော်လည်း ထိုင်းအစိုးရက ရှေ့ပြေးစီမံကိန်းအစီအစဉ်အနေနဲ့ ပြည်နယ်တချို့မှာ ဒီလိုမျိုးတစ်ရက် အနည်းဆုံးလုပ်အားခတိုးမြှင့်ပေးတာကိုလုပ်နေပါပြီ။ တစ်နိုင်ငံလုံးမှာတော့ အောက်တိုဘာလကစပြီး တိုးမြှင့်ပေးသွားမှာပါ။

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းထားက ခုနစ်လတာကာလအတွင်း ပထမဆုံးအနေနဲ့ အကျဘက်ကို ဦးတည်လာနေပါတယ်။   ဒါပေမဲ့လည်း ဗဟိုဘဏ်ရဲ့  သတ်မှတ်နှုန်းထားဖြစ်တဲ့ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအတွင်းကိုတော့ မဝင်နိုင်သေးပါဘူး။

တကယ်တော့ ငွေကြေးဖောင်းပွမှုက သတ်မှတ်နှုန်းထားအတွင်းဝင်၊ မဝင်ဆိုတာက ပြဿနာမဟုတ်ပါဘူး။ သတ်မှတ်နှုန်းထားအတွင်းမဝင်တာ အချိန်ကြာမှသာ ပြဿနာဖြစ်တာပါ။

အခုအချိန်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ငွေကြေးဖောင်းပွမှုကို ကျဆင်းအောင်မလုပ်ပေးနိုင်သေးပေမယ့် ပြည်သူတွေရဲ့စားဝတ်နေရေး အကျပ်အတည်း ပြေလည်အောင်တော့ ဖြေရှင်းပေးထားတာ ရှိပါတယ်။

ဥပမာအားဖြင့် သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျတဲ့ ဒီဇယ်ဆီဈေးနှုန်းကို တစ်လီတာ ၃၃ ဘတ်နှုန်းနဲ့ ပုံသေသတ်မှတ်ပေးထားတာမျိုး၊ ရေနံဓာတ်ငွေ့အရည်ဈေးနှုန်းကိုလည်း ဈေးတန်းတစ်ခုမှာ သတ်သတ်မှတ်မှတ် ထားပေးတာမျိုးနဲ့  တချို့သော  လျှပ်စစ်မီတာခတွေကို  လျှော့ချပေးထားတာမျိုးတွေ လုပ်ဆောင် ပေးထားပါတယ်။

Ref: RTB