အစ္စရေးကရာဖာကိုတိုက်ခိုက်မှုနှင့်အတူ ရေနံဈေးနှုန်းလည်း လိုက်ပါမြင့်တက်

 

အစ္စရေးကရာဖာကိုတိုက်ခိုက်မှုနှင့်အတူ ရေနံဈေးနှုန်းလည်း လိုက်ပါမြင့်တက်

အစ္စရေးနဲ့ဟားမတ်တို့ကြားမှာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု ခေတ္တဆိုင်းငံ့သွားရတဲ့အချိန် မေလ ၇ ရက်မှာ အစ္စရေးက ဂါဇာရှိ  ရာဖာကို  တိုက်ခိုက်မှုလုပ်ဆောင်လိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ တစ်နေ့ရွှေ၊ တစ်နေ့ငွေလိုမျိုးဖြစ်နေရတဲ့ အရှေ့အလယ်ပိုင်းဒေသတင်းမာမှုတွေကလည်း  ခန့်မှန်းလို့မရတဲ့ အနေအထား ဖြစ်လာပါတယ်။

ဒီအချိန်မှာ  ကျွဲကူးရေပါဆိုသလိုမျိုးအချိန်နဲ့တစ်ပြေးညီ    လိုက်ပါလာတဲ့အရာက  ရေနံဈေးနှုန်းပါ။  အခုလည်း ရေနံဈေးနှုန်းက   လိုက်ပါမြင့်တက်လာပြန်ပါပြီ။

မေလ ၇ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၈ နာရီ ၁၀ မိနစ်မှာ ဘရန့်ရေနံစိမ်းက တစ်စည်ကို သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး ၈၃ ဒသမ ၅၄ ဒေါ်လာရှိလာပါတယ်။ WTI ရေနံစိမ်းကတော့ တစ်စည်ကို ၁ ရာခိုင်နှုန်းမြင့်တက်ပြီး ၇၈ ဒသမ ၄၉ ဒေါ်လာဖြစ်လာပါတယ်။

ဟားမတ်အဖွဲ့က မေလ ၆ ရက်မှာ ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်ပေးသူတွေဆီကနေ တောင်းဆိုမှုကို သဘောတူပေးလိုက်ပါတယ်။

ဒါပေမဲ့ အစ္စရေးကတော့ ဒီအချက်တွေဟာ သူတို့လိုချင်တဲ့စံနှုန်းတွေအတိုင်း မဟုတ်ဘူးဆိုပြီး ငြင်းဆိုကာ နောက်တစ်နေ့မှာပဲ ရာဖာမြို့ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာပါ။

တစ်ဖက်မှာလည်း အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုကို ဆက်လုပ်မယ်လို့ ဆိုထားပြန်ပါတယ်။ မီးစတစ်ဖက်ရေမှုတ်တစ်ဖက်ပုံစံမျိုးပေါ့။

အပစ်အခတ်ရပ်စဲရေးဆိုတာက ဖမ်းရ ခက်တဲ့ငါးရှဉ့်လိုပဲ။ ပင်လယ်နီဒေသအတွင်းမှာ ဟူသီသူပုန်တို့ရဲ့ ရန်ပြုတိုက်ခိုက်မှုတွေချုပ်ငြိမ်းပြီး စူးအက်တူးမြောင်းပြန်ပွင့်မလားဆိုတာကလည်း  မေးခွန်းတစ်ရပ်အနေနဲ့သာ ရှိနေပါသေးတယ်။ တကယ်လို့များ ပင်လယ်နီမှာ တိုက်ခိုက်မှုတွေချုပ်ငြိမ်းပြီး စူးအက်တူးမြောင်း ပြန်ပွင့်သွားရင်တော့ ဒေသတွင်းမှာ ရေနံတင်သင်္ဘောတွေဖြတ်သန်းသွားလာမှုအတွက် ကြုံရနိုင်တဲ့ အန္တရာယ်တွေက သိသိသာသာကို လျော့ကျသွားမှာပါ လို့ ရေနံပွဲစားတစ်ဦးဖြစ်တဲ့ တားမတ်ဗာဂါက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဒေါ်လာဈေးခိုင်မာလာခြင်းက တခြားသောငွေကြေးကိုင်တွယ်အသုံးပြုသူတွေအတွက် ရေနံစိမ်းက ပိုမိုဈေးကြီးလာဦးမှာပါ။

နောက်တစ်ခုက  အမေရိကန်ရဲ့အရန်ရေနံစိမ်းပမာဏလျော့နည်းမှုပေါ့။ ဒီကိစ္စကိုလည်း ရေနံဈေးနှုန်း အတက်အကျအတွက် မေ့ထားလို့မရပါဘူး။

အမေရိကန်ရေနံစိမ်းနဲ့ရေနံထွက်ကုန်လက်ကျန်ပစ္စည်းတွေက နည်းပါးလာနေပြီလို့ သိရပါတယ်။ ဘယ်လောက်ပမာဏအထိ လဲဆိုရင်  သီတင်းပတ်တစ်ပတ်အတွင်းမှာ စည်ပေါင်း ၁ ဒသမ ၂ သန်းအထိ လျော့နည်းလာတာပါ။

အမေရိကန်မှာ  အရန်ရေနံပမာဏနည်းပါးလာတဲ့အတွက် ဝယ်လိုအားလည်းမြင့်တက်လာနိုင်ပါတယ်။ လက်ရှိမှာ ရေနံထုတ်လုပ်တင်ပို့တဲ့    နိုင်ငံတွေကလည်း ဈေးကွက်ထဲကို   ရေနံတင်ပို့မှုပမာဏက နည်းပါးနေပါတယ်။

ဆော်ဒီအာရေဗျက အာရှတိုက်၊ ဥရောပ အနောက်မြောက်ပိုင်းနဲ့  မြေထဲပင်လယ်ဒေသမှာရှိတဲ့ သူ့ရဲ့ဖောက်သည်တွေကို ရေနံစိမ်းဈေးနှုန်း တရားဝင်တိုးမြှင့်ဖို့ လုပ်ဆောင်လာမှုတွေကလည်း ရေနံဈေးနှုန်းမြင့်မားရတဲ့အကြောင်းရင်းတွေထဲက တစ်ချက်ဖြစ်ပါတယ်။

ဒီနှစ်နွေရာသီကာလမှာလည်း ရေနံဝယ်လိုအားက မြင့်တက်လာနိုင်တဲ့အတွက် ရေနံဈေးနှုန်းက    လောလောဆယ်မှာတော့  ကျနိုင်မယ့် အနေအထားမရှိသေးပါဘူး။

Ref: RTB