အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
စကားနောက် တရားပါတွေ သူပြောနေတာ၊ ကိုအောင်က စကားပြော သိပ်လောကြီးတာ၊ ကိုလတ်နဲ့ သူနဲ့မတူတာလည်း သည်အချက်မှာပဲ။
ကိုလတ်က စကားတွေကိုစီပြီး ဦးနှောက်ထဲအရင်ထည့်ပြီးမှ နှုတ် ကထွက်လာတာ။
ကိုအောင်ကတော့ စကားအရင်ထွက်ပြီးမှ သူ့ဦးနှောက်က အသိက လိုက်လာတာ။
ခုတော့ သူ့စကားကို သူချက်ချင်းပဲ ပြင်လိုက်ပါတယ်။
ဘာမှမဖြစ်နိုင်ပါဘူးဟာတဲ့။
မျှော်လင့်ချက်အပြည့်ရှိတဲ့လေသံနှင့် ပြောလိုက်ပြန်သည်။
ဟုတ်တယ်။
ကိုလတ် ဘာမှမဖြစ်နိုင်ပါဘူး။
သွေးတွေလည်း သွင်းပြီးပြီပဲ။
ခွဲစိတ်ပြီးရင် ကောင်းသွားမှာပါ။
ငါလည်း စိတ်ပြေရာပြေကြောင်းတွေးလိုက်တယ်။
ဆေးရုံအပေါ်ထပ်ကို အောင်ယူထားတဲ့လက်မှတ်နှစ်စောင်နဲ့ တက်ရတော့ ဆန်းဆန်းမြင့်နဲ့ ငါလည်းတစ်လှည့်၊ ချောစုနဲ့ မမစံက တစ်လှည့် တက်ကြတယ်။
ချောစုတို့က အရင်တက်နှင့်တယ်။
ကိုအောင်ကတော့ ခပ်တည်တည်ပဲ လွယ်အိတ်ကြီး တကားကားနဲ့ တက်မယ်လုပ်တယ်။
ဆေးရုံက လှေကားစောင့် အလုပ်သမားက သူ့ရင်ဘတ်ကို တွန်းတော့ အဲသည်လူရဲ့ လက်ကိုတွန်းဖယ်ပြီး ဖယ်စမ်းဗျာ၊ ခင်ဗျား ကျုပ်ကို ဘယ်သူ မှတ်နေလဲလို့ ခပ်တည်တည်ပြောပြီး တက်သွားတယ်။
ပုဆိုးတစ်ပတ်နွမ်းနဲ့ လွယ်အိတ်လွယ်ထားတဲ့ ကိုအောင်က ဆရာဝန်နဲ့တော့မတူပါဘူး။
ဒါပေမဲ့ လှေကားနားက ကုလားက ကိုအောင့်ကို ဆလံပေးလိုက်တယ်။
ဒုတိယအထပ် အခန်းထောင့်မှာ ကိုအောင် သွားစကားပြောနေတဲ့ ကိုလတ်မိဘရယ်၊ ခင်မလတ်တို့ကို တွေ့ရတယ်။
ခင်မလတ်ရုပ်က ကိုလတ်နဲ့သိပ်တူတာပဲ။
ချောတယ်။
မျက်လုံးတွေ၊ မျက်နှာနဲ့ နှာခေါင်းတွေဟာ နီနေတယ်။
အသားဖြူတော့ ငိုထားမှန်းသိတာပေါ့။
သူ့အဖေကလည်း မျက်နှာပျက်နေတယ်။
သူ့အမေကတော့ ရှူဆေးရှူနေပြီး နံရံတစ်ခုကိုမှီပြီးထိုင်နေတယ်။
မျက်လုံးတွေမှာလည်း မျက်ရည်စတွေနဲ့။
ကိုအောင်က ငါနဲ့ချောစုတို့ကို လက်ယပ်ခေါ်ပြီး မိတ်ဆက်ပေးထားခဲ့ တယ်။
ကိုလတ်မိဘနဲ့ သူ့နှမလေးအသိုင်းအဝိုင်းက သိပ်ချစ်ဖို့ကောင်းတာပဲ။
သူတို့က ငိုထားတဲ့ငါတို့ကိုတောင် ပြန်အားပေးနေတယ်။
ငါတို့ကို ဖော်ဖော်ရွေရွေလည်း ဆက်ဆံတယ်။
အင်မတန်စိတ်နေသဘောထားပြည့်ဝတဲ့မိသားစုပဲ။
သည်မိသားစုလက်ထဲကနေ သေမင်းဟာ မညှာမတာ ကိုလတ်ကို ဆွဲထုတ်ရက်မယ်ဆိုရင် ငါမတွေးတော့ဘူး။
မတွေးချင်ဘူး။
မတွေးရဲဘူး။
မတွေးရက်ဘူး။
လူနာခန်းထဲ တို့ဝင်သွားတယ်။
လူနာခုတင်တစ်လုံးပေါ်မှာ ကိုလတ်ကိုမြင်တော့ ငါလန့်သွားတယ်။
ရင်ထဲမှာလည်း ထိတ်ခနဲဖိုသွားတာပဲ။
ပက်လက်အိပ်နေတဲ့ကိုလတ်က ငြိမ်သက်လွန်းတယ်။
မျက်လုံးဟောက်ပက်နဲ့။
မျက်နှာကလည်း ဖြူဖျော့ပြီး နှုတ်ခမ်းတွေလည်း ဖြူဆွတ်နေတယ်။
တိုင်ပေါ်က သွေးပုလင်းဟာ သူ့လက်ဖျံပေါ်ကို ပိုက်လုံးလေးကနေ တဖြည်းဖြည်း စီးဆင်းလာတယ်။
သူသတိရစပြုပေမယ့် အမြဲပဲမှိန်းနေတယ်လို့ ကိုအောင်က ပြောတယ်။
ခွဲစိတ်တဲ့ဒဏ်ကို သူခံနိုင်ပါ့မလား။
အချိန်ကြာကြာ ရွှေ့လို့မရဘူး။
သည်မနက်ပဲ ခွဲရတော့မှာတဲ့။
ကံကြမ္မာဟာ ကိုလတ်အပေါ် ဘယ်လောက်ထိကောင်းနိုင်မလဲစောင့် ကြည့်ရတော့မှာပဲ။
ကိုလတ်ရဲ့ ခုတင်ခြေရင်းမှာ ငါရပ်ပြီးငိုင်နေမိတာအကြာကြီးပဲ။
ကိုအောင်က ကိုလတ်ရင်ဘတ်နားကို သူ့နားကပ်ပြီး အသက်ရှူသံကို နားထောင်ကြည့် နေတယ်။
အသက်ရှူသံ နှေးသွားမလားလို့ စိုးရိမ်နေတဲ့သူ့မျက်နှာဟာ အထင်း သားပေါ်နေတယ်။
အသက်ရှူတာနှေးတာနဲ့ ဆရာဝန်ကို ပြေးခေါ်ရမှာပဲ။
စောစောက သူ့မိဘက သူနာပြုတစ်ယောက်ငှားဖို့တိုင်ပင်နေတာ ကြားရတယ်။
ချောစုကတော့ ကိုလတ်ရဲ့ရင်ဘတ်ပေါ်က ကိုလတ်ရဲ့ဖြူဆွတ်နေတဲ့ လက်ကို မထိရက် ထိရက်နဲ့ ထိကြည့်နေတယ်။
အောင်ကတော့ ကိုလတ်ကို ငေးကြည့်ရုံသာကြည့်နေတယ်။
ဘာလုပ်ရမှန်းလည်းမသိဘူး။
ဂါထာနဲ့မန်းမှုတ်လို့ရရင်ကောင်းမှာပဲလို့ တွေးနေမိတယ်။
ဆက်လက်ဖော်ပြပါမည်။