ကျိုက်မရောမြို့နယ် ဓမ္မဿကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိ

 

ကျိုက်မရောမြို့နယ် ဓမ္မဿကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိ

 

မော်လမြိုင် မေ  ၇

    မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ဓမ္မဿကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး   အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဓမ္မဿကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် နေအိမ်များမီးလောင် ပျက်စီးခဲ့ရခြင်းကြောင့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ   မိမိတို့နေရပ်သို့  အဆင်ပြေချောမွေ့စွာ   သွားရောက်၍  ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး    ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ဓမ္မဿကျေးရွာ၌ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့်  မိမိတို့နေရပ်သို့  အဆင်ပြေချောမွေ့စွာ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကျေးရွာအတွင်း ပျက်စီးယိုယွင်းခဲ့သော နေအိမ်အဆောက်အအုံများအား အရေးကြီးသည့် အမိုးအကာများဖြင့် လုံခြုံစွာပြန်လည်နေထိုင်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊  ကျောင်းသူများ  ပညာဆက်လက်သင်ကြားနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက် ပေးကြရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် အတတ်နိုင်ဆုံး  ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရေး အတွက်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလို ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဓမ္မဿကျေးရွာနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဓမ္မဿကျေးရွာရှိ နေအိမ်အဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက  ဓမ္မဿကျေးရွာ  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။