သင်တန်းသားများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူ့ အကျိုးပြု EV နည်းပညာရှင်များ ဖြစ်စေရေး ရည်မှန်းချက်ထားကာ ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်

 

သင်တန်းသားများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူ့ အကျိုးပြု EV နည်းပညာရှင်များ ဖြစ်စေရေး ရည်မှန်းချက်ထားကာ ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်

 

နေပြည်တော် မေ  ၇

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV)ကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသန ဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် TTTC (ဘယ်လင်း)၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၁/ ၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့    တက်ရောက်သည်။ 

ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်တွင် အခြားကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုဖောက်ပြန်မှု လျှော့ချနိုင်ရေး၊ ကာဗွန်ကင်းစင်ရေး၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုများမှ သက်ရောက်မှုများကို လျှော့ချနိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေး၊ စက်သုံးဆီအသုံးစရိတ် လျှော့ချနိုင်ရေး၊ လေထုအရည်အသွေးများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်း သောလေထုမှ တစ်ဆင့် ကျန်းမာရေးကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ ရရှိရေးတို့အတွက် EV ကဏ္ဍ  ဖွံ့ဖြိုးရေးဆောင်ရွက်လျက် ရှိရာတွင် အရည်အသွေးပြည့်မီသော EV နည်းပညာရှင်များကို ပျိုးထောင်ပေးရန် လည်းလိုအပ်သဖြင့် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးပြု EV နည်းပညာရှင်များ ဖြစ်စေရေး ရည်မှန်းချက်ထားကာ ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ် ကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက်    ဒုတိယဝန်ကြီးသည် သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး EV အလုပ်ရုံတွင် အဆင့်မြင့် သင်ထောက်ကူပစ္စည်းများဖြင့် သင်တန်းသားများ သင်ယူလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။ အဆိုပါသင်တန်းတွင် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ လျှပ်စစ်ကား၏ ဗို့အားမြင့်မောင်းနှင်ခြင်းစနစ်၊ Battery နည်းပညာ၊ ထိန်းချုပ်မှုစနစ်များ၊ Special Hand Tools ၊ လျှပ်စစ်သုံးယာဉ်စနစ်တစ်ခုလုံးအတွက် ပြစ်ချက်ရှာဖွေခြင်း၊ စမ်းသပ်ခြင်း၊ Electrical Power Trainကို ဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ကို ဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို  လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း GTHS (ကျောက်ဆည်)သို့  ရောက်ရှိပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊     ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတို့နှင့် ဒုတိယအကြိမ်မြောက် ပူးပေါင်းဖွင့်လှစ်သည့်  အခြေခံလျှပ်စစ် သံဂဟေဆက် နည်းပညာသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းများ၏    သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး အလုပ်ရုံများတွင်   သင်တန်းသားများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားသည်။

အဆိုပါသင်တန်းများကို ဒေသတွင်း MSME လုပ်ငန်းများအတွက်  ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများ မြင့်မားလာပြီး  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များဘဝ ရပ်တည်ချက် ခိုင်မာစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန်နှင့် နိုင်ငံတော်က အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ  ပေါ်ထွန်းလာစေရန်တို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် နွေရာသီကျောင်းပိတ်ရက် ကာလဖြစ်၍ ကျောင်းသားများ စုစုပေါင်း သင်တန်းသာ ၅၀ ခန့် တက်ရောက်ကြကြောင်းနှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသောသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားရန် ရှိကြောင်း သိရသည်။