ယူကရိန်းပဋိပက္ခတွင် နက်ရှိုင်းစွာပါဝင်ရန်စဉ်းစားလာသည့် နေတိုးတပ်ဖွဲ့ဝင် အနောက်နိုင်ငံများအား ပြတ်သားစွာ သတိပေးလိုက်သည့် ရုရှား

 

ယူကရိန်းပဋိပက္ခတွင် နက်ရှိုင်းစွာပါဝင်ရန်စဉ်းစားလာသည့် နေတိုးတပ်ဖွဲ့ဝင် အနောက်နိုင်ငံများအား ပြတ်သားစွာ သတိပေးလိုက်သည့် ရုရှား

 

နေတိုးတပ်ဖွဲ့ဝင်များအား ယူကရိန်းနိုင်ငံ  အတွင်းသို့စေလွှတ်တပ်ဖြန့်ခြင်းသည် အလွန်အန္တရာယ်ကြီးမားမည့် အလားအလာရှိသောကြောင့် နေတိုးတပ်များအား နိုင်ငံအတွင်းသို့ စေလွှတ်တပ်ဖြန့်ရန် လိုလားနေသည့် ယူကရိန်းအစိုးရ၏ လုပ်ဆောင်ချက်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု ရုရှားနိုင်ငံက မေလ ၈ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်ကို     တွေ့ရသည်။

လက်ရှိတွင် ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားတပ်များအားတိုက်ခိုက်နိုင်ရန်အတွက် နိုင်ငံအတွင်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရန် အမေရိကန်၊ ဗြိတိန်အပါအဝင် အခြားနေတိုးတပ်ဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုသင့် ကြောင်း ယူကရိန်းသမ္မတ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ယူကရိန်း အစိုးရ၏လုပ်ဆောင်ချက်သည် ကြိုတင် ခန့်မှန်းနိုင်ခြင်းမရှိဟု  ရုရှားအစိုးရက တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အကယ်၍ နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ၎င်းတို့၏တပ်များအား ယူကရိန်း သို့ စေလွှတ်မည်ဆိုပါက ဆိုးရွားသည့်ရန်စမှု အဖြစ် ရုရှားနိုင်ငံက သတ်မှတ်မည်ဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံအများစုသည် အထူးသဖြင့် ရုရှားနိုင်ငံ၏အင်အား ပြန်လည်ကြီးထွား လာမှုနှင့် စစ်ရေးအရ  လွှမ်းမိုးမှုချဲ့ထွင်နိုင်ခြင်းကို  ခြိမ်းခြောက်မှုအဖြစ်ရှုမြင်နေ  သည်။ ထို့ပြင် ရုရှားနိုင်ငံသည် ယခုအခါ အာကာသအခြေပြုလက်နက်စနစ်များကို အသုံးပြုနိုင်စွမ်းရှိသည့်   နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် နျူကလီးယား  စွမ်းဆောင်ရည်အပြင် ရေအောက်တွင် တိုက်ခိုက် နိုင်သည့်စွမ်း ဆောင်ရည်များကို ပိုင်ဆိုင်ထားကြောင်း အနောက်နိုင်ငံများက ယုံကြည်လျက်ရှိ သည်။

ထို့ကြောင့် ရုရှားနိုင်ငံသည် အာကာသ နယ်ပယ်ကို စစ်ပုံသွင်းလျက်ရှိပြီး အာကာသ အတွင်း၌ အပျက်အစီးများကို ဖန်တီးနေသည်ဟု အမေရိကန်က အစောပိုင်းကတည်းက စွပ်စွဲခဲ့ခြင်းဖြစ်သည်။ စင်စစ်တွင် အမေရိကန် ပြည်ထောင်စုသည် အလားတူ လက်နက်စနစ်မျိုးကို လွန်ခဲ့သည့်ဆယ်စုနှစ်ကတည်း က အသုံးပြုလျက် ရှိသော်လည်း အနောက် နိုင်ငံများမှ မည်သည့်ဝေဖန်မှုမျိုးမှ ထွက်ပေါ်လာခြင်းမရှိပေ။

ယခုအခါ ယူကရိန်းနိုင်ငံသည် အနောက် နိုင်ငံများက စစ်လက်နက်အမြောက်အမြား ထောက်ပံ့ ပေးလျက်ရှိသော်လည်း စစ်မျက်နှာ အချို့တွင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသောကြောင့်  အနောက်နိုင်ငံများ၏စိုးရိမ်မှုများ  မြင့်တက်လာခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ နေတိုးတပ်ဖွဲ့သည် ယူကရိန်းလက်နက်ကိုင်ပဋိပက္ခ စတင်ချိန်မှစ၍ ယူကရိန်းနိုင်ငံသို့တင့်များ၊ တာဝေးပစ်ဒုံးကျည်များအပါ အဝင် စစ်လက်နက်ပစ္စည်းအများအပြားကို ပေးအပ်ခဲ့သော်လည်း စစ်ပွဲ၌ တိုက်ရိုက်  ပါဝင်ခဲ့ခြင်းမရှိပေ။

သို့သော် ယခုအခါ ယင်းအခြေအနေကို ယူကရိန်းက ပြောင်းလဲရန်ဆန္ဒရှိလာပြီဖြစ်သည်။ ယူကရိန်းအစိုးရ အနေဖြင့် ရုရှားအား တိုက်ခိုက်ရန်အတွက် နိုင်ငံအတွင်းသို့ နေတိုးတပ်ဖွဲ့ဝင်များအား  စေလွှတ်ရန် စကားစလာပြီဖြစ်သည်။ ထိုသို့စကားစလာစေရန်အတွက် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အငြင်းပွားဖွယ်စကားတစ်ရပ်ကို ပြောကြားခဲ့သည်။ မက်ခရွန်၏ပြောကြားချက်မှာ အခြားမဟုတ်။ ပြင်သစ်အစိုးရအနေဖြင့် ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား လာမည့် အနာဂတ်ကာလတွင် ယူကရိန်းနိုင်ငံအတွင်းသို့  စေလွှတ်မည် ဟူသော အချက်ကို ငြင်းဆိုမည်မဟုတ်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်အစိုးရ၏  သဘောထားကို ကြည့်မည်ဆိုပါက အကယ်၍ ယူကရိန်း လက်နက်ကိုင်ပဋိပက္ခတွင် ရုရှားက အနိုင်ရရှိပါက ဥရောပနိုင်ငံအပေါ် ယုံကြည်အားကိုးအားထားပြုနိုင်မှုမှာ လုံးဝကျဆင်းသွားမည်ဟု ယူဆနေခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းအခြေအနေကို  တားဆီးနိုင်ရေးအတွက် ပြင်သစ်တပ်များကို လိုအပ်ပါက ယူကရိန်းသို့ စေလွှတ်ရန် မက်ခရွန်က တွက်ဆနေခြင်းဖြစ်သည်။

သို့သော် ရုရှားအစိုးရ၏ တုံ့ပြန်မှုကလည်း ပြတ်သားလှသည်ကို တွေ့ရသည်။

အကယ်၍ ပြင်သစ်အစိုးရအနေဖြင့် ၎င်းတို့  ၏တပ်များကို ယူကရိန်းသို့စေလွှတ်မည် ဆိုပါက ရုရှားစစ်ဘက်က တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်၍ တိုက်ခိုက်မည်ဟု ရုရှားက မေလ ၈ ရက်တွင် ပြတ်သားစွာ တုံ့ပြန်ထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် ပြင်သစ်အပါအဝင် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ရုရှားနိုင်ငံ၏တုံ့ပြန်မှုကို လျှော့တွက်၍ မရနိုင်သည့်အခြေအနေတွင်  ရှိနေသည်။

ယူကရိန်းအစိုးရက ရုရှားနှင့်ရင်ဆိုင်ရာတွင် နေတိုးတပ်ဖွဲ့၏တိုက်ရိုက်ပါဝင်မှုကို မျှော်လင့်စောင့်စားနေစဉ် အတွင်းမှာပင် နေတိုးတပ်ဖွဲ့ဝင် အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဂျာမနီနိုင်ငံသည် မဖြစ်မနေစစ်မှု ထမ်းရမည့် ဥပဒေကို ပြန်လည်ပြဋ္ဌာန်းရန် မေလ ၇ ရက်တွင် မဲခွဲဆုံးဖြတ်လိုက်ပြီဖြစ် သည်။ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံ၏ စစ်အင်အားကို    ပြန်လည်တိုးမြှင့်ရန်အတွက် ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

နိုင်ငံအတွင်း  ပြန်လည်ပြဋ္ဌာန်းမည့် ဥပဒေအရ လူငယ်များအနေဖြင့် လူမှုရေး လုပ်ငန်းများ သို့မဟုတ် စစ်မှုထမ်းခြင်းတွင် တစ်နှစ်ကြာပါဝင်ရမည်ဖြစ်သည်။ ဂျာမနီ အစိုးရ၏ အဆိုပါဆောင်ရွက်ချက်သည် ဂျာမနီနိုင်ငံအနေဖြင့် လိုအပ်ပါက မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်အတွက် ထိရောက်စွာ ပြင်ဆင်ထားကြောင်းကို ရုရှားနှင့် အခြား နိုင်ငံများကိုပါ အသိပေးလိုက်ခြင်း ဖြစ်သည်။

အနောက်နိုင်ငံများက စိုးရိမ်မကင်းဖြစ် နေသည့် ဂြိုဟ်တုဖျက်လက်နက်စနစ်ကို လက်ရှိတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က လည်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။ သို့သော် အဆိုပါ အာရှအင်အားကြီးနိုင်ငံများသည် ရုရှားနှင့် ကောင်းမွန်သောဆက်ဆံရေးကို  ထိန်းသိမ်းထားလျက်ရှိသည်။

ပိုဆိုးသည့်အချက်မှာ  ရုရှားနိုင်ငံ၏ အစွမ်းထက်လှသည့် ဂြိုဟ်တုဖျက်လက်နက် နည်းပညာပင်ဖြစ်သည်။ ထို့ကြောင့် ရုရှားအနေဖြင့် ၎င်းတို့၏ ဂြိုဟ်တုဖျက် လက်နက်စနစ်များကို အသုံးပြု၍ အနောက်နိုင်ငံ များ၏   ဆက်သွယ်ရေး ဆိုင်ရာအခြေခံ အဆောက်အဦများအပေါ် ပစ်မှတ်ထားမည်ကို ဗြိတိန်အပါအဝင် အနောက်နိုင်ငံများက စိုးရိမ်နေသည်။

ထို့အတူ ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ၏ အခြေခံအဆောက်အဦများအား ချည့်နဲ့စေရန်အတွက်  ဂြိုဟ်တုစနစ်များကို ပစ်မှတ်ထားလာနိုင်သည်ဟု Royal  United Services Institute မှ လက်ထောက် ညွှန်ကြားရေးမှူး မားလ်ကွန်ချမ်းမားက ပြီးခဲ့သည့်နှစ်များအတွင်း၌  Telegraph သတင်းစာအား ပြောကြားခဲ့သည်ကို တွေ့ရ မည်ဖြစ်သည်။

အကယ်၍  ထိုသို့သောတိုက်ခိုက်မှု ဖြစ်ပွားမည်ဆိုပါက မော်တော်ယာဉ်များနှင့် တယ်လီဖုန်းများတွင် တပ်ဆင်ထားသည့် ဂြိုဟ်တုလမ်းညွှန်စနစ်ကဲ့သို့သော အရပ်ဘက်ဝန်ဆောင်မှု စနစ်အားလုံး ရပ်ဆိုင်း သွားနိုင်သည်။ သို့ရာတွင် ရုရှားအနေဖြင့် အနောက်နိုင်ငံများအား အာကာသနယ်ပယ် အတွင်းမှနေ၍ ပစ်မှတ်ထားလုပ်ဆောင်မည်ဟု မည်သည့်အချိန်ကမျှ ခြိမ်းခြောက် ပြောကြားခြင်းမရှိပေ။

အနောက်နိုင်ငံများကသာ ယင်းကဲ့သို့ သောဖြစ်ရပ်များ တကယ်ဖြစ်လာနိုင်သည်ဟု တစ်ဖတ်သတ် မြော်တွေးပြောဆိုနေခြင်းသာဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ယူကရိန်း လက်နက်ကိုင်ပဋိပက္ခတွင် တက်ကြွစွာ ပါဝင်လျက်ရှိသည့် အနောက်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ထို့ပြင်  ဗြိတိန်နိုင်ငံသည် အခြားနေတိုးတပ်ဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ပြင်သစ်နှင့် ဂျာမနီတို့ကဲ့သို့ပင် ရုရှားနိုင်ငံအား ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ရှုမြင် လျက်ရှိသည့်အပြင် ယူကရိန်းပဋိပက္ခတွင် ရုရှားအား တန်ပြန်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသောကြောင့် ရုရှားနိုင်ငံ အနေဖြင့် နေတိုးတပ်ဖွဲ့ဝင် အနောက်နိုင်ငံများ၏ လုပ်ဆောင်ချက်များအပေါ် ဆက်လက်၍ အနီးကပ် စောင့်ကြည့်၍ ခုခံကာကွယ်ရေးအတွက် ပြင်ဆင်နေမည့်အလားအလာ ရှိကြောင်း    ရေးသား တင်ပြလိုက်ရပါသည်။         

              Ref: ST, gov.uk, RT