အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
အခန်း (၅၀)
“စိတ်မပူပါနဲ့ဟာ၊ အခြေအနေကောင်းလာမှာပါ”
ကိုအောင်က သည်စကားကိုသာ ထပ်တလဲလဲပြော ကြားနေသည်။
“ဟုတ်တယ်၊ ကောင်းလာမှာပါ၊ ကောင်းပါစေလို့ ဆုတောင်းရတာပဲ၊ ကောင်းလည်း ကောင်းမှာပါ၊ ကိုလတ်ရဲ့စိတ်ဓာတ်က သိပ်ပြင်းတာပဲ၊ သူ့စိတ်ပြင်းသလို သူ့အသက်လည်း ပြင်းမှာသေချာပါတယ်၊ ငါသာ ကိုလတ်နေရာမှာဆိုရင် သေတာကြာလှပေါ့”
အောင်ကတွေးသည်။
မမစံသည် ရုံးတက်ရန် ပြန်သွားပြီဖြစ်သည်။
ဆန်းဆန်းမြင့်ကလည်း တစ်အောင့်လောက်ကြာရင် ပြန်တော့မည်ဖြစ်သည်။
ညနေကျမှ ပြန်လာမယ်တဲ့။ အောင်တို့က တမင် ပြန်လွှတ်တာလည်းဖြစ်သည်။
အဆောင်မှာလည်း လုပ်စရာကိုင်စရာတွေနှင့်၊ ဆေးရုံမှာ လူများများနေလို့ကလည်း မဖြစ်။
ချောစုနှင့်အောင်တို့ကတော့ ဆေးရုံကို အိမ်လုပ် ကာသာနေတော့သည်။
ကိုယ်က ဘာမှမတတ်နိုင်တာတော့ သိပါရဲ့။
ဒါပေမဲ့ သည်လိုပဲနေချင်သည်။
ဖြစ်နိုင်ရင်တော့ ကိုလတ်ခွဲစိတ်စဉ်နှင့် ခွဲစိတ် ပြီးသည်အထိ သူ့အနားတွင် နေချင်သည်။
ကိုလတ်၏အသက်၊ ကိုလတ်၏ဝိညာဉ်၊ ခန္ဓာကိုယ်။ အားလုံးအားလုံးတို့ မတိမ်းမစောင်းရအောင် နတ်ကောင်းနတ်မြတ်များ”မ”ပါဟု ဆုတောင်းသည်။
ဒါ တိုက်ပွဲတစ်ခုပဲ။
သေမင်းနှင့် တိုက်ပွဲဆင်ရတဲ့ကိစ္စဟာ သာမန် မဟုတ်။
ကိုလတ်ကိုယ်ထဲက၊ ပါးစပ်ထဲက သွေးတွေဟာ ရဲနေတာပဲတဲ့။
ခုမှ သတိထားကြည့်မိသည်။
ကိုအောင်ရဲ့ တက်ထရွန် ရှပ်အင်္ကျီအဖြူရောင် ရင်ဘတ်တစ်ခြမ်းလုံးနီနေသည်။
ကိုအောင်တစ်ယောက် အိမ်ပင်မပြန်ရသေး။ အင်္ကျီလည်း မလဲရသေး။
ခရမ်းရောင်တွင် အနက်ကန့်လန့်စင်းများနှင့် ကချင်လုံချည်ပင် သွေးများစွန်းပေနေသည်။
ကိုလတ်သွေးတွေ။
ကိုလတ်ရဲ့သွေးတွေဟာ အဆုံးစွန်ရဲရဲနီလိမ့်မည် ဟု အောင်က တင်စားဝံ့သည်။
အောင်လည်း ထောင့်တစ်နေရာမှာ အသာထိုင် ကာ စိတ်လှုပ်ရှားရင်းနှင့်ပင် ကိုအောင့်လွယ်အိတ်ထဲက ကဗျာစာအုပ်တွေ၊ မှတ်စုတွေထိုင်ဖတ်နေသည်။
စာအုပ်ကိုကိုင်ထားသော လက်တွေမှာ တုန်နေသည်။ ချောစုလည်း စိတ်ပြေရာပြေကြောင်း ခင်မလတ် နှင့် စကားလက်ဆုံကျနေသည်။
မှတ်စုတွေ၊ ကဗျာတွေ ဖတ်ရပြန်တော့လည်း အောင့်စိတ်တွေမှာ နည်းနည်းတည်ငြိမ်လာသည်။
သူဟာ...
နီရဲတဲ့ဝိညာဉ်ပါ။
ပိုင်းဖြတ်မှုတရားနဲ့
ခိုင်မာတဲ့ စိတ်ဓာတ်က
သူ့ကို ရစ်ပတ်ပစ်လိုက်ပါတယ်။
သူ့မှာ
ဒီရေလို
မို့မောက်မြင့်တက်နေတဲ့
မကြောက်တရားနဲ့ အသင့်ဖြစ်နေတယ်။
ကဗျာစာအုပ်ကို အောင်သည် ကပျာကယာပိတ် လိုက်မိလေသည်။
ကဗျာလေးကတော့ ကွယ်လွန်သွားတဲ့ စက်ရုံ အလုပ်သမားလေး တစ်ယောက်အကြောင်း ရေးထားတဲ့ ကဗျာလေးပါ။
ဒါကြောင့် ပိတ်လိုက်မိတာပါ။
သည်နေရာမှာ အောင်သည် အယူလည်း နည်း နည်းသီးလာတယ်။
အလုပ်သမားလေးရဲ့ နီရဲတဲ့ဝိညာဉ်ကို ဖော်ကျူးထားတာကိုတော့ အောင်က သဘောကျမိလေသည်။
အားနှင့်မာန်နှင့်တက်ကြွနေသည်။
သို့သော် ကိုလတ် မကွယ်လွန်ပါစေနှင့်။
အဖိုးတန်သော ကိုလတ်ကို နှမြောလှသည်။
လူချင်းလဲလို့ရရင် လဲပစ်လိုက်ချင်သည်။
လူစားထိုးလို့များ မရဘူးလားကွယ်။
အောင်က မဖြစ်နိုင်တာတွေကို ရောက်တတ်ရာရာ တွေးသည်။
နာရီကိုဖယ်ထား မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ စက္ကန့်ရဲ့ တစ်စိတ်တိုင်း စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အချိန်တွေပင်တည်း။
တစ်စက္ကန့်၊ တစ်စက္ကန့်တည်းဟူသော အချိန်လေး များပင် ရှည်ကြာလွန်းလှပေသည်။
တစ်စက္ကန့်၊ တစ်စက္ကန့်စောင့်ရသော အချိန်တိုင်း ရင်ခုန်လှုပ်ရှားနေသည်။
ဆက်လက်ဖော်ပြပါမည်။