ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုလား

 

ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုလား

 

    ကျွန်မတို့အားလုံး ခေါင်းကိုက်ဝေဒနာကို တစ်ခါမဟုတ်  တစ်ခါတော့  ခံစားဖူးကြပါတယ်။   ပါရာစီတမောသောက်ရုံနဲ့ သက်သာပျောက်ကင်းကြတာ များပါတယ်။ ဆေးမသောက်ဘဲ သက်သာသွားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဝေဒနာပြင်းထန်ပြီး ရက်ကြာရှည်လာရင်တော့ စိတ်ပူလာကြစမြဲပါ။ အများစုကတော့ ဦးနှောက်အကျိတ်ဖြစ်မှာကို ပူပန်ကြတာများပါတယ်။ တကယ်တော့ ခေါင်းကိုက်ဝေဒနာက လူအများကြားမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုဖြစ်ပြီး ၉၀ ရာခိုင်နှုန်းလောက်က ခေါင်းကိုက်ဝေဒနာ ခံစားဖူးကြပါတယ်။ ခေါင်းကိုက်ဝေဒနာ ခံစားရသူတွေရဲ့တစ်ဝက်က ပြင်းထန်တဲ့ဝေဒနာကို ခံစားကြရသလို လေးပုံတစ်ပုံလောက်ကလည်း မကြာခဏ ခေါင်းကိုက်ဝေဒနာ ခံစားကြရပါတယ်။

ဦးနှောက်အာရုံကြောရောဂါတွေ ဖြစ်တဲ့ ဦးနှောက် အမြှေးရောင်ရောဂါ (Meningitis)၊  ဦးနှောက် အသားရောင်ရောဂါ (Encephalitis))၊  ဦးနှောက်အကျိတ် (Brain Tumor)၊ သွေးတိုး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရလို့ ဦးနှောက်ထဲ သွေးယိုစီးတဲ့ရောဂါတွေမှာ  ခေါင်းကိုက်ဝေဒနာပြင်းထန်စွာ ခံစားကြရပါတယ်။ ဦးနှောက်အတွင်း အလုံးအကျိတ်တွေ၊ သွေးခဲတွေ၊ ဦးနှောက်ရောင်ရမ်းမှုတွေကြောင့် ဦးနှောက်ထဲမှာ ဖိအားမြင့်တက်လာပြီး ခေါင်းကိုက်ဝေဒနာနဲ့ အတူ အန်တာ၊ သတိမေ့တာ၊ တက်တာ၊ ခြေလက်အားနည်းတာတွေပါ ပူးတွဲခံစားရတတ်ပါတယ်။ လူနာရော ဆရာဝန်တွေကပါ ဦးနှောက်အတွင်း ဖိအားများတဲ့ လက္ခဏာတွေ ရှိလာပြီဆိုရင်   စနစ်တကျရောဂါ ရှာဖွေတာ၊ ကုသတာတွေ ဆောင်ရွက်ဖို့လိုပါတယ်။

ဆရာဝန်စမ်းသပ်ချိန်မှာလည်း ဦးနှောက်အမြှေးရောင် လက္ခဏာနဲ့ ခြေလက်တစ်ခြမ်း မလှုပ်နိုင်တာ၊ သတိလျော့တာတွေ ရှိရင်တော့ အရေးကြီးပါတယ်။ ဒါပေမဲ့ ခေါင်းကိုက်တိုင်း ရောဂါရှိလို့တော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်း ခွဲစိတ်ကုသဖို့ ခါးဆစ်ရိုး ထုံဆေးပေးထားတဲ့လူနာတွေမှာလည်း  အခန့်မသင့်ရင်  ခါးဆစ်ရိုးကနေ   ဦးနှောက်အရည် စိမ့်ထွက်မှုကြောင့်  ဦးနှောက်အတွင်း  ဖိအားလျော့နည်းသွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ အိပ်ရာကနေ ထလိုက်ချိန် ပြင်းထန်စွာ ခံစားရပြီး လမ်းမလျှောက်နိုင်ဖြစ်တတ်ပါတယ်။ လိုအပ်တဲ့ကုထုံးတွေ ပေးလိုက်ရင်တော့    ရက်ပိုင်းအတွင်း   ပြန်လည်သက်သာ သွားတတ်ပါတယ်။ နားအတွင်း ပိုးဝင်ရောင်ရမ်းတာ၊ မျက်နှာနဲ့ ဦးခေါင်းခွံရိုးတွေထဲက အခေါင်းပွလေအိတ်တွေ ပိုးဝင်ရောင်ရမ်းတာ၊ သွားနာတာ၊ မျက်လုံးရေတိမ် ဖိအားများတာတွေကြောင့်လည်း    ခေါင်းကိုက်နိုင်ပါတယ်။ တစ်ခါတစ်ရံ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးဖြစ်ရင်တောင် ခေါင်းကိုက်ဝေဒနာ ခံစားကြရပါတယ်။

ငှက်ဖျား၊ အဆုတ်ရောင်၊ အူရောင် စတဲ့ ခန္ဓာကိုယ်တွင်း ပိုးဝင်ရောင်ရမ်းမှုတွေ ရှိရင်လည်း အဖျားနဲ့အတူ   ခေါင်းကိုက်ဝေဒနာကိုပါ    ခံစားကြရပါတယ်။ သွေးပေါင်တက်လာချိန်၊ ကွန်ပျူတာနဲ့ ဖုန်းအသုံးများချိန်၊  စာဖတ်များချိန်တွေမှာလည်း ဇက်ကြောတက်၊ ခေါင်းထိုးနိုင်သလို လည်ပင်းကျီးပေါင်း ရှိတာ၊ လည်ပင်းကြောညပ်တာတွေကလည်း ဒီလို ဝေဒနာတွေ   ခံစားရစေပါတယ်။   အသက်ကြီးသူတွေမှာ နားထင်မှာရှိတဲ့ သွေးကြောရောင်ရမ်းခြင်း (Temporal Arteritis)ကြောင့် ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး ရုတ်တရက် မျက်စိကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းရောဂါ၊   သွေးတိုးရောဂါအတွက် သောက်နေတဲ့ သွေးကြောချဲ့ဆေးတွေကလည်း ဦးနှောက်သွေးကြောတွေ ကျယ်ပြီး ခေါင်းကိုက်ဝေဒနာ ခံစားရစေပါတယ်။

ခေါင်းကိုက်တိုင်း    အကိုက်အခဲပျောက်ဆေးတွေ  မကြာခဏသောက်တဲ့ အကျင့်ကြောင့် ခေါင်းပြန်ကိုက်ရတဲ့ Analgesic induced headache ကိုလည်း သတိထားဖို့လိုပါတယ်။

ခေါင်းကိုက်ဝေဒနာက  အရေးကြီးတဲ့ရောဂါတွေကြောင့် ဖြစ်တတ်တယ်ဆိုပေမယ့် လူနာအများစုက သာမန်ရောဂါတွေကြောင့်သာ ခေါင်းကိုက်ကြရတာများပါတယ်။ အထူးသဖြင့် ကျောင်းစာဖိစီးနေတဲ့ ကျောင်းသားတွေ၊ လုပ်ငန်းခွင်ဖိစီးမှုများတဲ့ လူလတ်ပိုင်းတွေ၊ မိသားစုအိမ်တွင်းရေး ပြဿနာတွေကြောင့် စိတ်ဖိစီးမှုခံစားရတဲ့သူတွေမှာ  စိတ်ဖိစီးမှုကြောင့် ဦးခေါင်းတစ်ဝိုက်ကြွက်သားတွေ တောင့်တင်းပြီးဖြစ်ရတဲ့  ခေါင်းကိုက်ဝေဒနာ  (Tension headache)  ကို ခံစားကြရပြီး      ခေါင်းတစ်ခုလုံး စည်းထားသလို တင်းကျပ်ကိုက်ခဲနေတယ်လို့     ပြောတတ်ကြပါတယ်။    သာမန်အကိုက်အခဲ ပျောက်ဆေးတွေပေးလည်း မသက်သာတတ်လို့ ဆရာဝန်တွေအနေနဲ့ တခြားအရေးကြီးတဲ့ ရောဂါတွေများလားလို့ တွေးမိတတ်ပါတယ်။ တစ်ခါတစ်ရံ ဦးနှောက်ကွန်ပျူတာ ဓာတ်မှန်ရိုက်ကြည့်ပြီး ရောဂါကြီးတွေ မရှိကြောင်း ရှင်းပြဖြေသိမ့်ပေးရပါတယ်။ စိတ်ဖိစီးမှုလျှော့ချတဲ့ နည်းလမ်းတွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ သီချင်းနားထောင်တာ၊  ပုတီးစိပ်၊  တရားထိုင်တာ၊ မိသားစု၊  မိတ်ဆွေသူငယ်ချင်းတွေနဲ့  ပျော်ရွှင်စွာ သွားလာတာတွေလုပ်ပေးဖို့    အကြံပြုလိုပါတယ်။ လိုအပ်ရင်တော့ စိတ်ကိုကုတဲ့ ဆေးတွေလည်း ဖြည့်စွက်ပေးရတတ်ပါတယ်။

ခေါင်းကိုက်ဝေဒနာ ခံစားရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းက Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ Tension headache လို့ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါတွေ ဖြစ်ကြပါတယ်။ Migraine  လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါက သက်ငယ်၊ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ခေါင်းကိုက်တာနဲ့အတူ မျက်စိအမြင်ဝါးလာတာ၊ ပျို့ချင်၊ အန်ချင်တာပါတွဲဖြစ်တတ်ပြီး တချို့လူနာတွေမှာ မျက်စိသိပ်မလှုပ်နိုင်တာ၊ မျက်ခွံကျတာ၊ ကိုယ်လက်တစ်ခြမ်း အားနည်းတာတွေပါ ပူးတွဲခံစားရတတ်ပါတယ်။

ဦးနှောက်တွင်း   အလုံးအကျိတ်ရှိလို့ဖြစ်ရတဲ့ လက္ခဏာတွေနဲ့မတူတဲ့ အချက်ကတော့ ခေါင်းကိုက်သက်သာသွားချိန်မှာ   တွဲဖက်ဝေဒနာတွေလည်း လျော့သွားတာပါပဲ။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးမဝတာ၊ ဗိုက်ဆာတာတွေကြောင့် ခေါင်းကိုက်ဝေဒနာ ပိုခံစားရနိုင်သလို  ကဖင်းဓာတ်များတဲ့ အစားအစာ၊ ချောကလက်၊ အနီရောင်ဝိုင်၊ ဒိန်ခဲ၊ သစ်သီး၊ အစေ့အဆန်တွေစားရင်လည်း ပိုဆိုးနိုင်ပါတယ်။ တာရှည်ခံအောင် ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ စားစရာတွေက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ပိုခံစားရစေပါတယ်။ အမျိုးသမီးငယ်တွေ အနေနဲ့ ဓမ္မတာလာခါနီးမှာ ပြင်းထန်စွာ ခေါင်းကိုက်တာ ခံစားကြရပါတယ်။

အမျိုးသားတွေမှာ အဖြစ်များတဲ့ Cluster head-ache လို့ခေါ်တဲ့ ခေါင်းကိုက်ရောဂါကတော့ မျက်ရည်၊ နှာရည်ကျတာ၊ နှာခေါင်းပိတ်တာတို့နဲ့ တွဲနေတတ်ပြီးအိပ်ရာက လန့်နိုးတဲ့အထိတောင် ခံစားရတတ်ပါတယ်။ ဝေဒနာလည်းပြင်းထန်ပါတယ်။ ဒီခေါင်းကိုက် ဝေဒနာတွေကတော့ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပြီး ဦးနှောက်နဲ့    အာရုံကြောအတွင်းမှာရှိတဲ့ ဓာတ်သဘာဝ အပြောင်းအလဲကြောင့် ဦးခေါင်းတွင်းမှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက်ကျဉ်းခြင်း၊ ကျယ်ခြင်းတို့ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။

အခုပြောတဲ့   ခေါင်းကိုက်ဝေဒနာတွေကိုတော့ ခေါင်းကိုက်ချိန်မှာ ဝေဒနာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေးတွေ၊ ဦးနှောက်သွေးကြော ကျဉ်းစေမယ့်  ဆေးတွေနဲ့ကုသကြပါတယ်။  အဖြစ်ကျဲအောင်၊  မကြာခဏ မခံစားရအောင် ကာကွယ်တဲ့ဆေးတွေကိုလည်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ပြသပြီး သောက်သင့်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချပြီး အစားကို အချိန်မှန်မှန်စား၊ အိပ်ရေး၀၀အိပ်၊ ပုံမှန်ကိုယ်လက် လှုပ်ရှားမှုတွေ  လုပ်ဆောင်သင့်ပါတယ်။ 

သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံ၊ အသီးအရွက်တွေ စားသုံးတာ၊ ဓာတုဆိုးဆေးမပါတဲ့ အစားအသောက်တွေ ရွေးချယ်စားသုံးတာအပြင် ကဖင်းဓာတ်များတဲ့ အစားအစာတွေ၊ အရက်သေစာ သောက်သုံးမှုတွေကို ရှောင်ကြဉ်သင့်ပါတယ်။    လွန်ကဲစွာအအေးခံတာ၊ အပူအအေး ရုတ်တရက်ပြောင်းလဲတဲ့နေရာမှာ သွားလာတာတွေကို သတိပြုရပါမယ်။

သာမန်အအေးမိဖျားနာ ကိုက်ခဲတာ၊ မျက်နှာနဲ့ ဦးခေါင်းတစ်ဝိုက်  ပိုးဝင်ရောင်ရမ်းတာ၊  ခန္ဓာကိုယ်မမာမကျန်းဖြစ်တာတွေကိုလည်း ရှာဖွေကုသရပါမယ်။ ရေတိမ်ဖြစ်လို့ ခေါင်းကိုက်တာ၊ နားထင်မှာရှိတဲ့ သွေးကြောရောင်ရမ်းလို့ ခေါင်းကိုက်တာတွေကလည်း သတိမထားမိရင် မျက်စိကွယ်တဲ့အထိ ဒုက္ခပေးနိုင်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး    ကုသမှု ခံယူသင့်ပါတယ်။   မနက်စောစော အိပ်ရာထမှာ ခေါင်းထိုးကိုက်ပြီး ချောင်းဆိုး၊ နှာစေးတဲ့အချိန်၊ ဝမ်းညှစ်တဲ့အချိန်တွေမှာ ပိုဆိုးမယ်ဆိုရင်တော့ အရေးကြီးပါတယ်။ ထိုးအန်တာ၊ မှိန်းတာ၊ ခြေလက်အားနည်းတာ၊ တက်တာတွေနဲ့ တွဲမယ်ဆိုရင်တော့ ဦးနှောက်အရည်ကို ခါးဆစ်ရိုးကနေတစ်ဆင့် ဖောက် ထုတ်စစ်ဆေးတာ၊   ဦးနှောက်ကွန်ပျူတာ ဓာတ်မှန်ရိုက်တာ စတဲ့စမ်းသပ်မှုတွေ ဆောင်ရွက်သင့်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းကို သေသေချာချာ ရှာဖွေကုသဖို့ လိုအပ်ပါတယ်။ ခေါင်းကိုက်တိုင်း စိတ်ပူစရာမလိုပေမယ့်လည်း ဝေဒနာပြင်းထန်ပြီး တွဲဖက်လက္ခဏာတွေရှိရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင်သင့်ကြောင်း    အကြံပြုရေးသားလိုက်ရပါတယ်။     ။                

ဒေါက်တာဥမ္မာစော