အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
အခန်း (၅၁)
စိတ်ငြိမ်မှ ငြိမ်ပါစေတော့၊ စိတ်ထဲ တုန်လှုပ်တာတွေကို ပျောက်မှ ပျောက်ပါစေ တော့လို့ ကိုအောင့်လွယ်အိတ်ထဲက စာအုပ်တွေ၊ စာရွက်တွေပဲ မွှေဖတ်နေမိတယ်။
ကိုအောင်က ငါရှိနေတာနဲ့ သူ့လွယ်အိတ်ကို အပ်ထားခဲ့တယ်။
သူ့လွယ်အိတ်ထဲမှာ အရေးကြီးတာလည်း ပါမယ်မထင်ပါဘူး။
ပါဦးတော့လည်း ငါ ဒီလို ယူဖတ်တာ စည်းကမ်းမဲ့ရာ မကျပါဘူး။
ငါ့လွယ်အိတ်တို့၊ ဖိုင်တွဲတို့လည်း သူ မွှေနေကျပဲဟာ။
ပြီးတော့ ကိုလတ် တစ်ခါတုန်းကပြောခဲ့ဖူးတာကိုလည်း သတိရမိတယ်။
ကိုယ်တို့မှာ လျှို့ဝှက်ချက်ဆိုတာ မရှိ ဘူး။
အထူးသဖြင့် ကိုယ်နဲ့ ကိုအောင်မှာပေါ့။
ကိုယ်အောင်နဲ့ကိုယ်တို့ ဆက်ဆံရေးကို အတွင်းကျကျသိရရင် အောင် ဒီ့ထက် ပိုအံ့သြလိမ့်မယ်ဆိုတာလေ။
သူတို့နှစ်ယောက် ကြည့်ရတာလည်း လင်မယားထက်တောင် ရင်းနှီးသေးတယ်။
ရဲဘော်ရဲဘက်အချစ်ဆိုတာ ဒါပဲလို့ ငါလည်း အားကျခဲ့မိသေးတယ်။
ကိုအောင်လည်း ငါ့အချစ်ဆုံးသူငယ်ချင်းပဲ။
ကိုလတ်က ငါ့ချစ်သူဖြစ်လာတဲ့အခါမှာ ကိုအောင်က ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လာတာ မဆန်းပါဘူး။
ကိုအောင်ဟာလည်း ငါ့ဘဝမှာ မားမား မတ်မတ်ရပ်နေတဲ့ လူတစ်ယောက်ပါ။
ပြီးတော့ သူ ငါ့ကိုချစ်ပုံ၊ ခင်ပုံလေးက လည်း တကယ့်မောင်နှမရင်းချာလိုပဲ ဖြူစင်တယ်၊ သန့်ရှင်းတယ်၊ ရိုးဖြောင့်တယ်၊ တွယ်တာကြင်နာတယ်။
ဒီအတွေးတွေနဲ့ စိတ်က နည်းနည်း ငြိမ်သက်တည်ကြည်လာပြန်တယ်။
ကိုအောင်လည်း ကိုလတ်အတွက် သွေးပုလင်းတွေ လိုက်ရှာနေရတယ်။
ကိုလတ်ရဲ့ သွေးအမျိုးအစားနဲ့ မတူကြ လို့ ဘယ်သူမှ သွေးမလှူနိုင်ကြဘူး။
ပြီးတော့ လိုတာက အလောတကြီး။
ကိုလတ်ကို ခွဲစိတ်ရမယ့်ဆရာဝန်က သူလိုအပ်တဲ့သွေးပုလင်းတွေကို ရှာခိုင်းတာနဲ့ ကိုအောင်လည်း ပြေးလွှားနေရတယ်။
ခွဲစိတ်ရခါနီး ကိုအောင့်ရဲ့အခြေအနေကို ကောင်းစေချင်လှပြီ။
ငါနဲ့ချောစုလည်း ကိုလတ်ရဲ့ခုတင်နား ခဏခဏသွားသွားကြည့်နေမိတယ်။
ပြီးတော့ ကိုအောင်လုပ်သလို ကိုလတ်ရဲ့ ရင်ဘတ်နားကပ်ပြီး အသက်ရှူသံကို နားထောင်ကြည့်နေမိတယ်။
နောက်တော့ ကိုလတ်ရဲ့အမေနဲ့ သူ့ နှမလေး ခင်မလတ်တို့ရှေ့မှာ ငါတို့ ဒီလိုစိတ်ပူနေတာ ကောင်းပါ့မလားတွေးပြီး အားနာလာတယ်။
ရှက်လည်း ရှက်လာတယ်။
စိတ်ကလည်း နည်းနည်းမှ ဂနာမငြိမ်ဘူး။
ရင်ထဲမှာ လှိုင်းတံပိုးတွေ ထန်နေသလိုပဲ။
ငါသာမဟုတ်ဘူး၊ ချောစုလည်း ငါ့လိုပါပဲ။
ထိုင်လိုက်၊ ထလိုက်နဲ့ နည်းနည်းမှ ငြိမ်ငြိမ် ထိုင်လို့မရဘူး။
ပြီးတော့ ကောင်မလေးက အရေးရယ်၊ အကြောင်းရယ် စိတ်လှုပ်ရှားရင် အိမ်သာ ကို ခဏခဏသွားရတတ်တယ်။
ငါလည်း စိတ်လှုပ်ရှားနေတာတွေ သက်မှသက်သာပါစေရယ်တော့လို့ ဒီမှတ် တမ်းကို ထိုင်ရေးနေရတယ်။
တကယ်တော့ ဒီအမှတ်တရ မှတ်တမ်းကို ငါ မရေးချင်ပါဘူး။
မှတ်လည်း မမှတ်မိချင်ပါဘူး။
အမှတ်တရ ဖြစ်ချင်စရာကောင်းတဲ့ အဖြစ်အပျက်တွေမှ မဟုတ်တာ။
ဆေးရုံဆိုတဲ့အရပ်ဟာ ဘယ်သူမှ စုဝေးချင်စရာကောင်းတဲ့ အရပ်မှမဟုတ်ဘဲ။
တစ်ခါတုန်းက ငါ ကိုလတ်နဲ့ပြောခဲ့ ဖူးသေးတယ်လေ။
ငါ ဘာကြောင့် တွေးတောပူပန်နေရမှာ နည်း။ ငါ ကိုယ့်အလုပ်ကိုလုပ်မည်။
ကမ္ဘာလောကက သူ့အလုပ်ကို လုပ်လိမ့် မည်တဲ့။
သူ့အလုပ်ကိုလုပ်တဲ့ ကမ္ဘာလောကကြီး ကလည်း ရက်စက်လိုက်တာနော်လို့ ငါ့ စိတ်ထဲမှာ ရန်တွေ့နေမိတယ်။
ဟုတ်တယ်။
ကမ္ဘာလောကကြီးက သိပ်ရက်စက်တာပဲ။
လူတိုင်းကိုတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။
ဒါပေမဲ့ ငါတို့ကိုတော့ ရက်စက်တယ်။
ပြီးတော့ ငါတို့လို လူများစုကို...။
ဆက်လက်ဖော်ပြပါမည်။