စာအုပ်စာပေ လူ့မိတ်ဆွေ

 

စာအုပ်စာပေ လူ့မိတ်ဆွေ

 

    မြန်မာအဘိဓာန်တွင် စာပေဟူသော ဝေါဟာရကို “အကြောင်းအရာ၊ အဖြစ်အပျက်၊ အတွေးအခေါ်တို့ကို ရသမြောက်အောင်၊ သုတပွားအောင် ရေးဖွဲ့ထားသည့်စာ”ဟု  အဓိပ္ပာယ်ဖွင့်ဆိုသည်။ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းဘာသာတိုင်းတွင် စာနှင့်စာပေ အသီးသီးရှိကြသည်။ စာဟူသည် စကား၏ သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စနစ်တကျစီစဉ် ရေးသားထားသော အမှတ်အသားဖြစ်သည်။  စာကို သုခုမမြောက်အောင်၊    အနုပညာသက်ဝင်အောင် ဖွဲ့စည်းစီရင် တီထွင်လိုက်သော်  စာပေဟူ၍ဖြစ်လာသည်။ စာပေဟုခေါ်ဆိုရမည့် စာမျိုး၌ သေးသိမ်သော စဉ်းစားစိတ်ကူးနည်း၊    ညံ့ဖျင်းသော အယူအဆ၊ အတွေးအခေါ်၊ နုံချာသောအသွားအလာမျိုး မပါရှိဘဲတင့်တယ်ကြည်နူးဖွယ်ရာ၊အံ့သြဖွယ်ရာအရေးအသားများပါရုံမျှမက   ဖြောင့်မတ်တည်ကြည်၍ သမာဓိပြည့်စုံသော  စိတ်နှလုံးထားမျိုး ပါရှိသည်။

ထို့ကြောင့် စာပေသည်  လူမျိုး၏ အသက်ခန္ဓာဟု ဆိုနိုင်သည်။

လူသည်  ပေါင်းသင်းဆက်ဆံနေထိုင်ရသည်။ တစ်ကိုယ်တည်းနေ၍ မရခြင်းကို လူတိုင်းသိကြသည်။

ထို့ကြောင့်  လူသည်ပေါင်းသင်းဆက်ဆံရေး သတ္တဝါဖြစ်သည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။   ထိုသို့ပေါင်းသင်း ဆက်ဆံမှုသည် သက်ရှိလည်းဖြစ်နိုင်သလို သက်မဲ့လည်းဖြစ်တတ်သည်။  ပေါင်းသင်း ဆက်ဆံမှုပြုသည့်အခါ အပေါင်းအသင်း မမှားရေး၊ မိတ်ဆွေတုများမဖြစ်စေရေး အလွန်လိုအပ်သည်။ သက်ရှိဟူသည် စိတ်ရှိသဖြင့်   စိတ်အပြောင်းအလဲဖြစ်တတ်သလို အပေါင်းအသင်းကြောင့် အန္တရာယ် ရှိလာနိုင်သည်။

စိတ်မရှိသောသက်မဲ့တို့သည်ကား အကျိုးရှိရှိ အသုံးချတတ်သည်နှင့်အမျှ ကောင်းကျိုးကိုသာ ပေးစွမ်းမြဲဖြစ်သည်။  ယင်းတို့အနက်   စာအုပ်စာပေသည် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းဖြစ်ကြောင်း စာဖတ်ပရိသတ်အားလုံးက အတည်ပြု လက်ခံထားကြသည်။

စာအုပ်စာပေသည်     မိတ်ဆွေကောင်းဖြစ်၍ ပေါင်းဖက်လာသူ မှန်သမျှ၏ ကောင်းကျိုးကို မဖောက်မပြန် ဖြည့်ဆည်းပေးသည်။ စာအုပ်စာပေကို မိတ်ဆွေဖွဲ့ခြင်းဖြင့် ပညာဗဟုသုတ တိုးပွားစေသည်။ အတွေးအခေါ် ရင့်သန်စေသည်။    ပညာဗဟုသုတ တိုးပွားသဖြင့်   စိတ်ကိုပဲ့ပြင်ဆုံးမ လာတတ်သလို အတွေးအခေါ်ရင့်သန်မှုက   အမှားအမှန်ဝေဖန် ပိုင်းခြားတတ်လာပြီး နေ့စဉ်ကြုံတွေ့ရသော ပြဿနာများကို အကောင်းဆုံးဖြေရှင်းလာနိုင်သည်။ စာအုပ်ကောင်းများသည်      မိတ်ဆွေကောင်း ဖြစ်သည့်အတွက် ယနေ့ကောင်းသလို အစဉ်အဆက်လည်း ကောင်းမြဲဖြစ်သည်။ ကျွနု်ပ်တို့သည် မိတ်ဆွေစစ်၊ မိတ်ဆွေမှန်ကို ဝေးဝေးလံလံ ရှာဖွေစရာ မလိုအပ်ပေ။ နေရာဌာနတိုင်း၌ ရှိနေသော စာအုပ်အပေါင်းကား မိတ်ဆွေကောင်းများသာဖြစ်သည်။ မိတ်ကောင်းဆွေကောင်းဟု ဆိုအပ်သော စာအုပ်ကောင်းများ မြောက်မြားစွာရှိသည်။

စာတတ်သော်လည်း စာမဖတ်သူသည် ပြတင်းတံခါးပိတ်ထားသော  အိမ်နှင့်အလား သဏ္ဌာန်တူသည်။ အိမ်တွင်းမှပြင်ပသို့ မြင်နိုင်စွမ်းမရှိ၊ အမြင်ပိတ်နေတတ်သည်။    စာဖတ်သူသည်အမြင်မှန်၊ အသိမှန်၊ အတွေးမှန်၊  အလုပ်မှန်ပြီး မှန်ကန်သော လမ်းကြောင်း၌သာ    လျှောက်လှမ်းလေ့ရှိသည်။

စာအုပ်စာပေဟုဆိုရာတွင် စာဖတ်သက် ကြာလာသည်နှင့်အမျှ စာအုပ်ကောင်း၊ စာအုပ်မွန်များကို ရွေးချယ်တတ်လာခြင်းဖြစ်သဖြင့် စာစဖတ်ရာတွင် နှစ်သက်ရာ စာပေကို ဖတ်ရှုခြင်းဖြင့် စာဖတ်ခြင်းအလေ့အထကို ဦးစွာထူထောင်သင့်သည်။ ထိုမှတစ်ဆင့် အကျိုးရှိရာ စာအုပ်စာပေကို ရွေးချယ်ဖတ်ရှုခြင်းသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ မည်သည့်စာအုပ်ကို ဖတ်ရှုသည်ဖြစ်စေ ထိုစာပေမှရရှိသော အသိတရားကို     ကောင်း၊ မကောင်း၊ မှန်၊ မမှန်၊  အသုံးချသင့်၊  မချသင့်၊ ဆောင်ရန်ရှောင်ရန် မိမိဉာဏ်စွမ်းဖြင့်သာ ပိုင်းခြားစိတ်ဖြာရန် လိုအပ်သည်။

စာဖတ်ခြင်းကား ပြည့်ဝစေသည်။ ဆွေးနွေးခြင်းကား ဖျတ်လတ်တက်ကြွစေသည်။ ရေးသားခြင်းကား တိကျစေသည်။ စာဖတ်ခြင်းသည် တိုးတက်ကြီးပွားခြင်း၏ လှေကားထစ်များဖြစ်ပေရာ  တိုးတက်လိုက စာဖတ်ကြဟု တိုက်တွန်းထားသည်ကိုလည်း လေ့လာတွေ့ရှိနိုင်သည်။ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်မိ၍ အသိတရားရရှိကာ   ပြုပြင်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် အောင်မြင်ကျော်ကြားသွားသော ကမ္ဘာကျော် ပုဂ္ဂိုလ်များစွာရှိသည်။ စာဖတ်ရာတွင်လည်း အတိုက်အခံပြုရန် အတွက် စာမဖတ်ပါနှင့်၊ ယုံကြည်ရန်နှင့် တစ်ခါတည်းစွဲသွားရန် စာမဖတ်ပါနှင့်၊ စကားစရပြီး အာဝဇ္ဇန်းရွှင်ရန် စာမဖတ်ပါနှင့်၊ သို့သော် နှိုင်းချိန်၍ စဉ်းစားရန်အတွက်   စာဖတ်ပါဟု တိုက်တွန်းထားသည်ကိုလည်း လေ့လာသိရှိခဲ့ရဖူးသည်။

စာပေကို  မိတ်ဆွေဖွဲ့ခြင်းဖြင့်  အမျိုးမျိုးသော ဘဝအတွေ့အကြုံများစွာကို လက်ငင်းရယူနိုင်သည်။

ရသစာပေက ကိုယ်ချင်းစာတရား၊ လိမ္မာယဉ်ကျေးခြင်းနှင့် ကောင်းမြတ်သော စိတ်ထားတို့ကို ဖြစ်ထွန်းစေသည်။ သုတစာပေများက မိမိကိုယ်မိမိ ယုံကြည်ပြီး ကိုယ်တိုင်ထိန်းချုပ်ဦးဆောင်နိုင်သည်။  အသိဉာဏ်ကျယ်ပြန့်ရန် စာများများဖတ်ခြင်းဖြင့် ဗဟုသုတများလာသည်။ ဗဟုသုတများလာလေ အသိဉာဏ်ပိုမို ကျယ်ပြန့်လာလေဖြစ်သည်။ အသိဉာဏ်ရှိသူသည် ဆင်ခြင်တုံတရားပြည့်ဝပြီး အကောင်းအဆိုး၊ အကျိုးအပြစ်ခွဲခြားသိမြင်ကာ လူ့လောကကို အလင်းဆောင်နိုင်သည်အထိ   အရည်အသွေး ပြည့်ဝတတ်သည်။

အသိဉာဏ်ရှိသူသည် တိုးတက်၍ အသိဉာဏ်နည်းသူသည်နိမ့်ကျသူဖြစ်သည်။ ထို့ကြောင့်  စာပေသည် တိုးတက်ခြင်း၊ အောင်မြင်ခြင်း၊ ပေါ်လွင်ထင်ရှားခြင်းတို့ကို ရယူပိုင်ဆိုင်နိုင်အောင် အကျိုးပြု စွမ်းဆောင်နိုင်သည်။ စာပေဆိုသည်မှာ မဖတ်သင့်သော စာပေဟူ၍ မရှိ၊ မမှတ်သင့်သည့် စာပေသာရှိသည်။   စာအုပ်စာပေများကို ဖတ်ခြင်းသာမက မှတ်ခြင်းကိုပါပြုသင့်သည်။ မှတ်သားထားပါက တစ်ချိန်၌လိုအပ်လာသောအခါ ထုတ်နုတ်အသုံးပြုနိုင်စွမ်းရှိသဖြင့် အကျိုးများလှသည်။ စာဖတ်ဝါသနာပါသူ စာဖတ်သမားကောင်း တစ်ဦးဖြစ်စေရန် လူတိုင်းအားထုတ်သင့်သည်။ စာပေဖတ်ရှုလေ့လာခြင်းဟူသည်    စာအုပ်ကို လေ့လာခြင်းအားဖြင့် နားလည်မှုစွမ်းရည်ကို အဆင့်ဆင့်မြင့်မားစေသည့် စိတ်ဖွံ့ဖြိုးမှုဖြစ်စဉ် တစ်ရပ်ပင်ဖြစ်သည်။ များစွာသောသူတို့သည် စာဖတ်ကြသော်လည်း  အကျိုးရှိအောင် မဖတ်တတ်ခြင်းများကို တွေ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ စာဖတ်ခြင်း၏ တန်ဖိုးကိုမသိ၍ လည်းကောင်း၊ ပေါ့ပေါ့တန်တန်စိတ်သဘောနှင့် အသိဉာဏ်ဖွံ့ဖြိုးမှုကို အလေးမထားခြင်းကြောင့် လည်းကောင်း၊     အဆိပ်အတောက်စာပေကိုသာ  ဖတ်မိခြင်းကြောင့်လည်းကောင်း အကျိုးမဲ့ဖြစ်ကြရသည်။

မြန်မာနိုင်ငံတွင် တစ်ချိန်ကစာအုပ်စာပေ ဖတ်ရှုလေ့လာသူ ပေါများခဲ့သည်။ ရပ်ရွာအတွင်း  စာအုပ်အငှားဆိုင်များ ပေါများစွာတည်ရှိခဲ့သည်။ စာအုပ်များ အရောင်းရတွင်ကျယ်ကာ  အငှားရဆုံးဖြစ်ခဲ့သည်။

ယနေ့ကာလတွင် သိပ္ပံနှင့်နည်းပညာများ  တိုးတက်လာသည်နှင့်အမျှ   စာအုပ်စာပေ ဖတ်ရှုလေ့လာသူ နည်းပါးလာကြောင်း တွေ့ရပြီး စာအုပ်အငှားဆိုင်များသည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့ရာတွင် နိုင်ငံတော်အစိုးရ အဆက်ဆက်က ပြည်သူများစာအုပ်စာပေနှင့်   မိတ်ဆွေဖွဲ့နိုင်ရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသလို  စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့၊  အဖွဲ့အစည်းများကလည်း စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြသည်။

ပြည်သူများအတွက် မိတ်ဆွေကောင်းဖြစ်သော စာအုပ်စာပေတို့ကို  ပြင်ပမှဝယ်ယူ ဖတ်ရှုနိုင်သကဲ့သို့ စာပေဘဏ်တိုက်ဟု ခေါ်ဆိုအပ်သော စာကြည့်တိုက်များတွင်လည်း ငှားရမ်းဖတ်ရှုနိုင်သည်။ စာကြည့်တိုက်အမျိုးမျိုးရှိသည်။ အမျိုးသားစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်၊ ရပ်ရွာစာကြည့်တိုက်၊ နယ်လှည့်စာကြည့်တိုက်၊ ရွေ့လျားစာကြည့်တိုက် ဟူ၍  အမျိုးမျိုးရှိရာ လက်လှမ်းမီရာ  စာကြည့်တိုက်များကို အကျိုးရှိစွာ အသုံးချတတ်ရေး များစွာ လိုအပ်သည်။

၂၀၂၄ ခုနှစ်  မေလ ၉ ရက်နေ့တွင်  ကျင်းပသော စာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု  အခမ်းအနားတွင် “မိမိတို့နိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေး လှုပ်ရှားမှုများကို   မဖြစ်မနေအားပေး မြှင့်တင်ရန် လိုအပ်သောကြောင့်  ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ အစပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု”များကို   ဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း”     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ 

အချုပ်အားဖြင့်ဆိုရသော် စာအုပ်စာပေများသည် လူသားတို့၏ ကောင်းကျိုးစီးပွား ဖြစ်ထွန်းအောင် အမြဲတစေ မိတ်ဆွေကောင်းသဖွယ် ဖြည့်ဆည်းပေးလျက်ရှိရာ မိတ်ဆွေကောင်းဖြစ်သော စာအုပ်စာပေနှင့် ပေါင်းဖော်တတ်ရေး အလေးထားကြိုးစားကြစေလိုကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။     ။

လင်းအာရုဏ်ဦး(ပဲခူး)