ပန်ကာလေအန္တရာယ် အကြောင်းနှင့် ဘေးကင်းစေမည့် ပန်ကာ အသုံးပြုနည်း

 

ပန်ကာလေအန္တရာယ် အကြောင်းနှင့် ဘေးကင်းစေမည့် ပန်ကာ အသုံးပြုနည်း

 

    မြန်မာနိုင်ငံ၌ နွေ၊ မိုး၊ ဆောင်း ရာသီဥတုသုံးမျိုးရှိသည့်အနက်     နွေရာသီတွင် အပူချိန်  ပိုမြင့်မားသော်လည်း ၂၀ ရာစုနောက်ပိုင်းမှစ၍ မည်သည့်ရာသီဥတုတွင် မဆို အပူချိန် သိသိသာသာ မြင့်တက်လာလျက်ရှိသည်။

ယနေ့ခေတ်တွင်    နည်းပညာများ ခေတ်မီတိုးတက်လာခြင်းနှင့်အတူ လူသားတို့၏ အသုံးအဆောင်ပစ္စည်းများမှာလည်း များပြားလာရာ အပူဒဏ်သက်သာစေရန် ယပ်တောင်၊ ပန်ကာ၊ Air Cooler? Aircon   စသည်ဖြင့်  ပြောင်းလဲသုံးစွဲလာကြသည်။  လေအေးပေးစက်များကို    လူတန်းစေ့ အသုံးမပြုနိုင်သေးသော်လည်း ပန်ကာကို  တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ 

သို့သော်  ပန်ကာလေခံခြင်းဖြင့် ရရှိမည့်ဆိုးကျိုးများကို    သတိမမူမိကြပေ။

ထို့ကြောင့် ပန်ကာလေအန္တရာယ် အကြောင်း သိကောင်းစရာများနှင့်  ဘေးကင်းစေမည့် ပန်ကာသုံးစွဲနည်းတို့ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ပါသည်။

ပန်ကာလေ၏သဘောမှာ     လေကို တိုက်ရိုက်မှုတ်ထုတ်ပေးသည်။ ယင်းပန်ကာ လေက  လူ့ခန္ဓာကိုယ်မှ ထွက်သော အခိုးကိုငုပ်စေပြီး  အရေပြားပေါ်ရှိ   မွေးညင်းပေါက်များကို ပိတ်သွားစေသည်။ တစ်နည်းဆိုရသော်  ပန်ကာလေက  လူသားတို့၏ ချွေးထွက်မည့်    မွေးညင်းပေါက်များကို ကျုံ့စေသောသတ္တိရှိ၍   ဆိုးကျိုးဖြစ်စေနိုင်သည်။ ထို့ပြင် ဇီဝဖြစ်စဉ်အရ လူ့ခန္ဓာကိုယ်အတွက်    လိုအပ်သော အပူချိန်ကို ဦးခေါင်းက ရယူပေးသည်။   ထိုအချိန်မျိုးတွင်  ပန်ကာလေကြောင့်  ဦးခေါင်းမှ တဖြည်းဖြည်း အပူချိန်လျော့ကျလာသည်။ အိပ်မပျော်သေးမီ ခန္ဓာကိုယ်က သဘာ၀ အလျောက်    အပူထုတ်ပေးနေသဖြင့် ပြဿနာမရှိသော်လည်း အိပ်ပျော်သွားသည့်အခါ ခန္ဓာကိုယ်က မဆိုသလောက်သာ အပူထုတ်ပေးလေ့ရှိသည်။ ထိုအခါ ပန်ကာလေကြောင့် ဦးခေါင်းတွင် အတိုင်းအဆမရှိ  အေးလာပြီးနောက်  ဦးခေါင်းအရေပြား ကျုံ့လာသည်။ ခန္ဓာကိုယ်အတွင်းပိုင်းကမူ အခန်းအပူချိန်အတိုင်း ဆက်လက်ရှိနေသည်။ ထိုဖြစ်စဉ်က    ဦးခေါင်းကို စီးဆင်းနေသော   သွေးများကို  အလွန်အမင်း ညှစ်သလိုဖြစ်သွားကာ ပန်ကာလေကြောင့်     ခေါင်းအုံခြင်းဖြစ်တတ်သည်။  

အဆိုးရွားဆုံး အခြေအနေတွင် ဦးခေါင်းထဲ သွေးမလျှောက်ခြင်း သို့မဟုတ် သွေးကြောပြတ်ခြင်းတို့ ဖြစ်စေနိုင်သည်။

ပန်ကာလေကို တစ်ညလုံးခံပြီးနောက် နံနက်အိပ်ရာထသည့်အခါ လည်ချောင်း နာ၍   အသားများ မလှုပ်ချင်လောက်အောင် နာလာတတ်သည်။ ပန်ကာလေကို အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့ခြင်း ကြောင့် ရရှိနိုင်သောတခြားကျန်းမာရေး ဆိုးကျိုးများမှာ အသားအရေခြောက်ခြင်း၊ လက်ကပ်ခြင်း  သို့မဟုတ် လက်အကွေး အဆန့်လေးလံခြင်း၊   နှာစေးခြင်း၊   ကျော အောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်း ကိုက်ခြင်း၊   ဇက်ခိုင်ခြင်း၊  ခြေထောက်လေးခြင်း၊ ခြေဖနောင့်နာခြင်း၊ ပါးရွဲ့ခြင်း သို့မဟုတ် လေဖြတ်ခြင်း၊ ဦးနှောက်သွေး ကြောပြတ်ခြင်း  စသည်ဖြင့် ခံစားရတတ် သည်။ နေ့လယ်ပိုင်းတွင် မျက်နှာကြက် ပန်ကာအောက်တွင်ထိုင်၍   အလုပ်လုပ် လေ့ရှိသူများမှာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လွယ်တတ်သည်။ ရေချိုးပြီးပြီးချင်း ပန်ကာ လေခံလေ့ရှိသော   အမျိုးသမီးများတွင် အပူငုပ်ကာ  အဖြူဆင်းခြင်းဖြစ်ပေါ်စေ သည်။

တချို့သူများသည် အင်္ကျီချွတ်၍ ပန်ကာလေဖြင့် အိပ်စက်ခြင်း၊ ရေစိုအဝတ်ခင်း၍    ပန်ကာလေဖြင့် အအေးခံခြင်း၊ သင်ဖြူးဖျာကိုရေစွတ်၍  ပန်ကာလေခံ အိပ်စက်ခြင်း၊ အရက်သောက်ပြီးနောက် ချွေးအလွန်ထွက်သောအချိန်တွင် ပန်ကာလေဖြင့် အိပ်စက်ခြင်း၊ အပြင်မှ ပြန်လာသည့်အချိန်၌ဖြစ်စေ၊  အားကစားပြုလုပ်ပြီး ချွေးမတိတ်သေးသည့် အချိန်၌ဖြစ်စေပန်ကာဖွင့်၍ ကြမ်းပြင်ပေါ် အိပ်စက်ခြင်း စသည်ဖြင့်   ပန်ကာကို    အလွန်အကျွံ   လွဲမှားစွာ     အသုံးပြုကြသည့်အတွက် အန္တရာယ်ဖြစ်စေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ပူအိုက်စွတ်စိုသော မိုးရာသီနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီတွင်  ပန်ကာအသုံးပြုမှု များလာခြင်းကြောင့်  အီလက်ထရွန်နစ် ဈေးကွက်၌ ပန်ကာများ     ရောင်းအားကောင်းမွန်လျက်ရှိသည်။  လူတချို့က ကျန်းမာရေး  အသိအမြင်ရှိသော်လည်း    ချွေးမပြန်အောင်     ပန်ကာဖွင့်အိပ်တတ်ကြရာ  ဘေးကင်းစေရန်    ပန်ကာအသုံးပြုနည်းတချို့ကို   အောက်ပါအတိုင်း   အကြံပြုလိုပါသည်။

•   ပန်ကာကို အိပ်ရာဘေးတွင် ကပ်ဖွင့်ပြီး မအိပ်ပါနှင့်။  ပန်ကာကို  ဦးခေါင်းပိုင်း တွင်ထား၍  မဖွင့်ပါနှင့်။  ပန်ကာလေနှင့် တိုက်ရိုက်မထိအောင်နေပါ။

•   မိမိအိပ်စက်သောနေရာ၏  အပေါ် ဘက် ဝေးဝေးတွင်ထား၍ ဖွင့်သင့်သည်။

•   ပန်ကာကို     တစ်နေရာတည်းသို့ မျက်နှာမူ၍ မဖွင့်ပါနှင့်။  Rotate (ခေါ်) ဘယ်ညာပတ်ဝန်းကျင်သို့  ပတ်ချာလည် နေသော ခလုတ်ကို နှိပ်ထားသင့်သည်။

•   မည်မျှပင်ပူအိုက်စေကာမူ  ညအိပ်ခါနီးတွင်  ပန်ကာခလုတ်ကို နံပါတ် (၁) သို့မဟုတ် အနိမ့်ဆုံးကိုသာ ရွေးပါ။

•    နံနက်မိုးလင်းခါနီးတွင် အပူလျော့လေ့ရှိသည်။ ထို့ကြောင့် ပန်ကာကို timerပေး၍အိပ်ပါ သို့မဟုတ် တစ်ရေးနိုးချိန်တွင် ပန်ကာကို ပိတ်ထားသင့်သည်။

•   အသံထွက်သောပန်ကာကို  မသုံးပါနှင့်။ လူ့ခန္ဓာကိုယ်က အိပ်စက်နေသော်လည်း တစ်ညလုံး ဆူညံသံထွက်နေသော ပန်ကာက   နားစည်ကို   တုန်ခါစေသည့်အပြင် နှစ်ခြိုက်စွာ အိပ်စက်မှုကို အဟန့်အတားဖြစ်စေနိုင်သည်။

•   ညအိပ်ချိန်  ဟောက်တတ်သောသူ များအတွက် ပန်ကာလေနှင့် လုံးဝမသင့်တော်ပေ။ ခံတွင်းနှင့်လေပြွန်ကို မြန်မြန် ခြောက်သွေ့စေပြီး  မကြာခဏ နိုးစေနိုင်သည်။

•   ပန်ကာဖွင့်၍အိပ်လေ့ရှိသော ကလေးငယ်များ၏ ကျန်းမာရေးသည် ၇၀ ရာခိုင်နှုန်း ခန့်   သိသိသာသာ ဆိုးရွားစေနိုင်ကြောင်း ကျန်းမာရေး သုတေသီများက  သတိပေး ထားသည်။

•   ပန်ကာရွက်(ဒလက်)များတွင် ဖုန်မှုန့်များရှိပါက  ဖြုတ်၍  ဆေးကြောပေးပါ။  သို့မဟုတ်ပါက နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော     ဦးခေါင်းခွံအတွင်း  လေလမ်းကြောင်းကို ပိတ်စေနိုင်သည်။   ထို့ပြင်  အဆုတ်ကို ထိခိုက်စေနိုင်သည်။

•   မီးပလတ်ပေါက်နှင့် ဝိုင်ယာကြိုးတို့ ကိုစစ်ဆေးပါ။ ပန်ကာကို အချိန်ကြာမြင့်စွာ ဖွင့်ထားခြင်းကလည်း မီးဘေးအန္တရာယ် ဖြစ်စေနိုင်ကြောင်း ပန်ကာအသုံးပြုနည်း အသွယ်သွယ်ကို  ရေးသား တင်ပြလိုက်ရပါသည်။      ။    

ပေါက်ပေါက်