စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး

 

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မေ ၁၂ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၉ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု” အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် “ယနေ့ပြုလုပ်သည့်  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ရည်ရွယ်ချက်ရှိစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် တာဝန်ရှိသူများ အားလုံးက အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်ကို ဗဟိုပြု၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု”များကို အားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်ယခုလှုပ်ရှားမှုတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည ်ဖြစ်ကြောင်း” ဖြင့် ပြောကြားခဲ့သည်။

ဧပြီလ ၁၀ ရက်တွင် ကျင်းပခဲ့သည့် မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲတွင် လက်ခံရရှိခဲ့သည့် အလှူငွေကျပ် ၁၀၂၇၆၂၄၃၈၀ နှင့် စာအုပ်စာစောင်ပေါင်း ၈၅၅၄၀ ကို ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ ပြန်လည်ခွဲဝေသည်။ တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုရှိ စာကြည့်တိုက် ၄၆ တိုက်ပြန်လည်ပြင်ဆင် ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း၂၃၀၀၊ စာကြည့်တိုက် ၂၇ တိုက်အသစ် တည်ဆောက်ဖွင့်လှစ်ရန် ငွေကျပ်သိန်းပေါင်း ၄၀၅၀ နှင့် စာအုပ်စာစောင် ၆၇၇၈၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကထောက်ပံ့ပေးအပ်ရာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာကြည့်တိုက် ၄ တိုက်ပြန်လည်ပြင်ဆင် ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၂၀၀ နှင့် စာကြည့်တိုက် ၃ တိုက် အသစ်တည်ဆောက် ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၄၅၀ စုစုပေါင်းငွေကျပ်သိန်း ၆၅၀ နှင့် စာအုပ်စာစောင် ၃၀၀၀ ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လက်ခံရယူသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းများအရ ပျမ်းမျှအားဖြင့် ၉၂ ရာခိုင်နှုန်းခန့်သည် စာတတ်မြောက်မှုရှိသည်ကို တွေ့ရှိရသည်။  အများစုမှာ မူလတန်းပညာကိုသာ တတ်မြောက်ကြပြီး ကျောင်းနေအရွယ်ကို ကျော်လွန်သွားသည်ကို လေ့လာတွေ့ရှိရသည်။  ၎င်းတို့အနေဖြင့်  လူမှုအသိုင်းအဝိုင်းအတွင်း အသိပညာ၊ အတတ်ပညာများ ရရှိအောင် ဖန်တီးပေးရမည်ဖြစ်သည်။ နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန် အတွက်  အသိပညာ၊ အတတ်ပညာ ကြွယ်ဝသည့်  လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။

နိုင်ငံတစ်ခုဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရန်လိုအပ်သည်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းမှာ ပညာရေးကိုအားပေး ဆောင်ရွက်လျက်ရှိသည်။ ပညာတတ်ပေါကြွယ်ဝသည့် နိုင်ငံများသည် အသိပညာကြွယ်ဝကြသဖြင့် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ နိုင်ငံရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ကြသော်လည်း ပညာတတ်နည်းပါးသည့် နိုင်ငံများတွင် ပဋိပက္ခများ ဖြစ်ပေါ်နေမည်သာဖြစ်သည်။ ထို့ကြောင့်  နိုင်ငံတော်အစိုးရ အနေဖြင့် ပညာတတ်များ ပေါကြွယ်ဝစေရေးအတွက် လူတိုင်းစာတတ်မြောက်ရေးကို ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ပညာတတ်များ ပေါကြွယ်ဝရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေး လှုပ်ရှားမှုများကို မဖြစ်မနေအားပေးမြှင့်တင်ရန် လိုအပ်သောကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ အစပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု” များကို ဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်သည်။  စာအုပ်စာပေဖတ်ရှုမှုသည် မိမိတို့ဘဝကို အကျိုးပြုနိုင်သည်ဖြစ်ပေရာ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန် လိုအပ်သကဲ့သို့ စာသင်ကျောင်းများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။  မှန်ကန်ကောင်းမွန်သည့် အသိပညာများ စုဆောင်းရရှိထားခြင်းသည် ဘဝတစ်လျှောက်လုံး ဖြတ်သန်းမှုအတွက် အကျိုးရှိစေမည်ဖြစ်သည်။ မေလ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားတွင် စာကြည့်တိုက် ၁၄၇ တိုက်အတွက် ငွေကျပ်သိန်းပေါင်း ၂၂၀၅၀ နှင့်စာအုပ်စာစောင် စုစုပေါင်း ၇၀၇၈၀ လှူဒါန်းခဲ့ကြသည်။  အနှစ်ချုပ်ဆိုရသော်နေပြည်တော်ကို ဗဟိုပြု၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။