တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါ

 

တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၁၄ ရက်)

နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ်စီရှိကြသည်။  မြန်မာနိုင်ငံတွင်လည်း တပ်မတော်တစ်ရပ်သာ ရှိရမည်ဖြစ်သည်။ တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းစဉ်နှင့်အတူ ပေါ်ပေါက်လာပြီး ရရှိထားသော လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အထူးကာကွယ် စောင့်ရှောက်လျက် ရှိသည်။ လွတ်လပ်ရေးရပြီး ကာလအစတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ရဲစွမ်းသတ္တိပြည့်ဝစွာဖြင့် အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှုနှင့် ပြည်ပကျူးကျော်မှုတို့ကို ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိစွာတိုက်ပွဲဝင်ပြီး နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

တပ်မတော်သားတိုင်း၏ အမျိုးသားရေးတာဝန်သည် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဟူသော ဒို့တာဝန်အရေးသုံးပါးဖြစ်သည်။ တပ်မတော်သားတိုင်း တစ်ဦးချင်းအနေဖြင့် ပြုကျင့်ရမည့် ကျင့်ဝတ်(၂၀)ပါး သတ်မှတ်ထားရာတွင် အရေးကြီး ဆုံးသော ကျင့်ဝတ်(၃)ပါးမှာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါ။ နိုင်ငံတော်၏တရားဥပဒေများကို လိုက်နာစောင့်ထိန်းပါ။ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပါဟူသော ကျင့်ဝတ်များဖြစ်သည်။

တပ်မတော်သားတိုင်းသည် နယ်ဘက်ဥပဒေ၊ စစ်ဘက်ဥပဒေများကို လိုက်နာကြရသူများ ဖြစ်ကြသည်။

ထို့ကြောင့် စစ်စည်းကမ်းကို တိကျစွာလိုက်နာပါဟူသော ကျင့်ဝတ်ကိုလည်း တန်ဖိုးထားကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေလ ၁၁ ရက်က တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်   “တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန်အဓိက တာဝန်ရှိပြီး  ထိုသို့တာဝန် ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊   တိုက်စွမ်းအားများ ပြည့်ဝရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ပြည့်ဝစေရေး အတွက် တပ်မတော်သား တစ်ဦးချင်းစီအလိုက် ရှိသင့်ရမည့် အရည်အချင်းများနှင့်  တပ်ဖွဲ့တစ်ခုချင်းစီအလိုက် အရည်အချင်းများ ရှိရမည်ဖြစ်ကြောင်း၊တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် စစ်ရေးအသိ၊ စစ်ရေးသတိရှိရန်လိုပြီး  နိုင်ငံတော် ကာကွယ်ရေး၊  လုံခြုံရေးနှင့် ပတ်သက်ပါက   ဖြစ်ပေါ်လာနိုင်သည်များကို  ကြိုတင်မြော်တွေး ပြင်ဆင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သားတိုင်းသည် မိမိအား ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရမည် ဖြစ်သည်။ ဘေးအန္တရာယ်ကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် ရဲရဲရင့်ရင့် ရင်ဆိုင်ကြရသည်။ ထိုသို့ ရင်ဆိုင်နိုင်ရန်အတွက် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသော စွမ်းရည်သုံးရပ် နှင့်ပြည့်စုံအောင်လည်း ကြိုးစားကြရသည်။ ထို့အတူတပ်မတော်သားတိုင်း တိုက်ပွဲဝင်စိတ်ဓာတ်ရှိနေရမည် ဖြစ်သည်။ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန် သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ဂုဏ်ကို အသက်စွန့်ပြီး မြှင့်တင်လိုသည့်စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်း ကူညီလိုသည့်စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်တို့နှင့် ပြည့်စုံနေကြရမည်ဖြစ်သည်။

တပ်မတော်သားများ အားလုံးအနေဖြင့် အမြဲတိုက်ပွဲဝင် အသင့်ဖြစ်စေရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။   တစ်ဦးချင်းကျန်းမာကြံ့ခိုင်ရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရန် လိုသကဲ့သို့သမားစဉ် လုပ်ငန်းများကိုမှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေခြင်းသည် မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင်ဖြစ်သည်။ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ  စည်းကမ်းအတိုင်း လိုက်ပါလုပ်ဆောင်ခြင်းသည် မိမိတို့ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ကိုထမ်းဆောင်ရာတွင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် စစ်လက်နက် နည်းပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာသိရှိနေရမည်ဖြစ်သည်။

စစ်သည်တစ်ဦးချင်းစီအလိုက် အမြဲတမ်းတိုက်ပွဲဝင်အသင့် (Fit for Fight) ဖြစ်စေရေးအတွက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန်ဆောင်ရွက်နေရမည်ဖြစ်သည်။ လေ့ကျင့်ရေး ဆောင်ရွက်နေခြင်းသည် စစ်သည်အားလုံး ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းရေး၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး များရရှိလာမည်ဖြစ်သည်။ စစ်သည်တစ်ဦးချင်းစီ အလိုက် ၎င်းတို့၏အရည်အချင်းနှင့် လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ သင့်လျော်သည့်လုပ်ငန်း တာဝန်များကို နေရာမှန်တာဝန်ပေးအပ်ပြီး တာဝန်ထမ်းဆောင်ရန် အမြဲအသင့်ဖြစ်စေရေး (Fit  for Duty) ဖြစ်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းတာဝန်များသည်လည်း ပိုမိုတိုးတက်အောင်မြင်လာမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုများ၏ သက်သာချောင်ချိရေးအတွက် နေရေး၊ စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးနှင့် အခြားအထွေထွေ လိုအပ်ချက်များကို တတ်စွမ်းသရွေ့အမြဲမပြတ် ဖြည့်ဆည်းပေးလျက်ရှိသည်။ လက်ရှိအချိန်တွင်  နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော အခြေအနေများအရ လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေရသည့် တပ်များမှစစ်သည်များနှင့် မိသားစုဝင်များအတွက်လည်း ထိုက်သင့်သည့်ချီးမြှင့်မှုများနှင့်    လိုအပ်သည့် သက်သာချောင်ချိရေး ကိစ္စရပ်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်သားတို့သည် နိုင်ငံတော်အတွက် ကြီးမားသော တာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်ကြပေရာ မိမိတို့အားပေးအပ်ထားသော တာဝန်များကိုအောင်မြင်စွာ ထမ်းဆောင် နိုင်သူများ ဖြစ်အောင်ကြိုးစားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။