စိုက်ပျိုးရေး တက္ကသိုလ်၏ ရာပြည့်နှစ် ဘွဲ့နှင်းသဘင်

 

စိုက်ပျိုးရေး တက္ကသိုလ်၏ ရာပြည့်နှစ် ဘွဲ့နှင်းသဘင်

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၁၆ ရက်)

    စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၀၂၄ ခုနှစ် မေလ ၁၂ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ကျင်းပခဲ့သည်။

နှစ်ပေါင်းတစ်ရာဟူသော ရာပြည့်သက်တမ်းသည် လူတိုင်းကြုံတွေ့နိုင်သော အရာမဟုတ်ပေ။ သူ့ခေတ်နှင့်သူ၊ သူ့နှစ်နှင့်သူကြုံကြိုက်မှသာ တွေ့ကြုံကြရခြင်းဖြစ်သည်။ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ (၃၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ အဆိုပါတက္ကသိုလ်၏ ရာပြည့်နှစ်နှင့် ကြုံသည့်အတွက် ရာပြည့်နှစ်ဘွဲ့နှင်းသဘင် အခမ်းအနားအဖြစ် သတ်မှတ်နိုင်ခြင်းဖြစ်သည်။

လူငယ်မောင်မယ်တို့ အနေဖြင့်  ဘွဲ့ရတစ်ယောက်ဖြစ်လာရန်မှာ  လွယ်လွယ်ကူကူ ဖြစ်လာခြင်းမျိုး မဟုတ်ပေ။ တက္ကသိုလ်ဝင်စာမေးပွဲတွင် အဆိုပါတက္ကသိုလ်ဝင်ခွင့် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီအောင် ကြိုးစားခဲ့ရသည်။ တက္ကသိုလ်တွင်ငါးနှစ်တာ ကာလကြာမြင့်စွာ စိုက်ပျိုးရေးနှင့် သက်ဆိုင်သောပညာများကို ကြိုးပမ်းသင်ယူကြရသည်။ မိဘဆွေမျိုးများကလည်း ပညာသင်ကြားနိုင်ရေးအတွက် အထောက်အပံ့ ပေးကြရသည်။ ထို့အတူ ဆရာ၊ ဆရာမများကလည်း စေတနာ၊ ဝါသနာ၊ အနစ်နာများဖြင့် တပည့်များကို ထူးချွန်ထက်မြက်အောင် သင်ကြားပေးကြရသည်။

နှစ်စဉ်တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘအလုပ်အကိုင် ဇာစ်မြစ်များကို လေ့လာကြည့်ရာတွင် ကျောင်းသား၊ ကျောင်းသူ ၅၀ ရာခိုင်နှုန်း၏ မိဘများမှာ တောင်သူလုပ်ငန်း လုပ်ဆောင်ကြသည်ကို တွေ့ရှိရသည်။ ဤတက္ကသိုလ်သို့ တက်ရောက်ခွင့်ရသူများမှာ နှစ်စဉ်တစ်နိုင်ငံလုံး၏ အခြေခံပညာအထက်တန်း ပြီးမြောက်အောင်မြင်သူ  တစ်ရာခိုင်နှုန်းခန့်သာ  တက်ရောက်ခွင့်ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား  လုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးပညာဘွဲ့ရ လူသားအရင်းအမြစ်များ  ပိုမိုမွေးထုတ်ပေးနိုင်ရေး အလေးထားကြိုးပမ်းရန် လိုအပ်လျက်ရှိသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် ရာပြည့်နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်၍ နိုင်ငံအတွက် ဝမ်းသာဂုဏ်ယူဖွယ် ဖြစ်သလို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ကျောင်းဆင်းများ အတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်သည်။ တက္ကသိုလ်တွင် စိုက်ပျိုးရေးဘာသာရပ်များ အပြင် ဆက်စပ်စဉ်းစားတွေးခေါ် တတ်မြောက်မှု(Critical Thinking Skill)၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်မှု (Physical Fitness)၊ ပြောင်းလဲလာသော နည်းပညာများကို ဆက်လက်လေ့လာနိုင်ရန် သတင်းအချက်အလက်နှင့် နည်းပညာ တတ်မြောက်မှု (Information & Communication Skill) တို့ကိုပါ လေ့ကျင့်သင်ကြားပေးကြောင်း လေ့လာသိရှိရသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏(၃၂)ကြိမ်မြောက်ဘွဲ့ရ မောင်မယ်များသည် သင်ကြားမှုပုံစံတွင် သင်ကြားပေးသူနှင့် သင်ယူသူအချိုးအစား မျှတစေပြီး အားနည်းသည့်ဘာသာကို ပြန်လည်လေ့လာဖြေရ သောသင်ကြားမှု စနစ်ကျင့်သုံးခြင်းနှင့် ပထမဆုံးကြုံကြိုက်သော မောင်မယ်များဖြစ်ကြသည်။ ဘွဲ့ရမောင်မယ် များအနေဖြင့် မိမိတို့တတ်ကျွမ်းသော ပညာများကို တိုးတက်လာသော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ ပြောင်းလဲလာသော ရာသီဥတုအခြေအနေများနှင့် ဆက်စပ်ပြီး စဉ်ဆက်မပြတ် ဆက်လက်လေ့လာကြရဦးမည် ဖြစ်သည်။  ထို့အတူနိုင်ငံတော်အတွက်လည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်သည်။ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင်လည်း ဝန်ထမ်းကောင်း စိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင်  စိုက်ပျိုးရေးသိပ္ပံဘွဲ့ ၂၁၂ ဦး၊ ပါရဂူဘွဲ့ငါးဦး၊ မဟာသိပ္ပံဘွဲ့ ၂၇ ဦး၊ စိုက်ပျိုးရေး မဟာဒဿနဘွဲ့နှစ်ဦး၊ စိုက်ပျိုးရေးဘွဲ့လွန် ဒီပလိုမာလေးဦး တို့ကိုဘွဲ့များ အပ်နှင်းခဲ့သည်။ သက်တမ်းနှစ်တစ်ရာပြည့်အထိ စိုက်ပျိုးရေး တက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့ ၁၃၁၉၇ ဦး၊ ပါရဂူဘွဲ့ ၇၉ ဦး၊ စိုက်ပျိုးရေးသုတေသန အခြေပြုပါရဂူဘွဲ့ခြောက်ဦး၊ မဟာသိပ္ပံဘွဲ့ ၆၇၁ ဦး၊ မဟာဒဿနဘွဲ့ ၁၁ ဦး၊ စိုက်ပျိုးရေးဘွဲ့လွန်ဒီပလိုမာ ၄၃ ဦး၊ စပါးအထူးပြုစိုက်ပျိုးရေး ဘွဲ့လွန်ဒီပလိုမာ ၂၄ ဦး၊ စိုက်ပျိုးရေး စီးပွားပညာဒီပလိုမာ (Israel + YAU ့)  ၅၆၅ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိရာ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ကျောင်းဆင်းများသည် နိုင်ငံတော်အတွက် များစွာအထောက်အကူ ရရှိမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် စိုက်ပျိုးရေး တက္ကသိုလ်ရာပြည့်နှစ်မှသည် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပြီး နိုင်ငံအကျိုးပြုပညာရှင်များ မွေးထုတ်နိုင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။