ပြည်တွင်းစားသုံးဆီဖူလုံရေးပိုမိုကြိုးပမ်း

 

ပြည်တွင်းစားသုံးဆီဖူလုံရေးပိုမိုကြိုးပမ်း

မြန်မာနိုင်ငံတွင်    ဆီစားသုံးမှုများပြားနေသည့်အတွက်    ပြည်ပမှစားသုံးဆီမှာယူသုံးစွဲနေရသည်။ ဆီစားသုံးမှု များပြားခြင်းမှာ ကျန်းမာရေးအရ ကောင်းသောလက္ခဏာတစ်ရပ်မဟုတ်ပေ။  ကျန်းမာရေး သုတေသန ပြုချက်များအရ ဆီကိုလိုသည်ထက် ပိုမိုစားသုံးပါက နှလုံးသွေးကြောကျဉ်းခြင်း၊ အသည်းအဆီဖုံးခြင်း၊  အသည်းကင်ဆာဖြစ်ခြင်း စသည့် ကုသရန်ခက်ခဲလှသော ဝေဒနာများ ခံစားရပေမည်။ ဆီမပါလျှင်ဟင်းမဖြစ်ဟု မြန်မာတို့ပြောဆို နေကြသော်လည်း ဆီကိုပါသင့်သည်ထက် လွန်ကဲစွာမသုံးဘဲ လျှော့နိုင်သမျှလျှော့၍ သုံးစွဲသင့်သည်။ လူတစ်ဦးချင်းစီက ဆီကိုလျှော့ချသုံးစွဲကြမည်ဆိုပါက မိမိ၏တစ်ကိုယ်ရေကျန်းမာရေး အတွက် အလွန်ကောင်းမွန်လှသလို  နိုင်ငံတော်အတွက်လည်း  ပြည်ပမှ ဆီဝယ်ယူတင်သွင်းနေရမှုများ လျော့နည်းလာမည် ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်   ပြည်ပမှစားသုံးဆီတင်သွင်းမှုကို လျှော့ချနေသလို  တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ဦးစားပေးလျက်ရှိသည်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက် ပြည့်မီစေရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်ကာ မြေပဲ၊  နှမ်း၊  နေကြာ  ဆီထွက်သီးနှံများ ကို ဇုန်အလိုက် အကောင်အထည်ဖော်ဆောင်နေပြီ ဖြစ်သည်။  ဆီထွက်သီးနှံများ စိုက်ပျိုးရမည့်ပမာဏအတိုင်း စိုက်ပျိုးပြီး  ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက်   ရှေ့ပြေးလုပ်ငန်းစဉ်အဖြစ်   ၂၀၂၃-၂၀၂၄ ခုနှစ်စိုက်ပျိုးရာသီတွင် မြေပဲ၊  နှမ်း၊ နေကြာ ဆီထွက်သီးနှံသုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သွင်းအားစုပံ့ပိုးပေးသည့် စနစ်ဖြင့်    စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိသည်။  ချေးငွေပံ့ပိုးမှုအနေဖြင့် မြေပဲတစ်ဧက ငွေကျပ်သုံးသိန်း၊  နှမ်းတစ်ဧက ငွေကျပ် ၁ ဒသမ ၅ သိန်းနှင့်နေကြာတစ်ဧက ငွေကျပ် နှစ်သိန်းနှင့် ညီမျှသည့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့သည်။

ယခုဘဏ္ဍာနှစ်အတွင်း ဆီထွက်သီးနှံကို အထူးဇုန်များဖြင့် စိုက်ဧကသုံးသန်းစိုက်ပျိုးမည်ဖြစ်ပြီး မြေပဲ၊  နှမ်း၊  နေကြာများကို နေပြည်တော်၊  မကွေးတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အထူးဇုန်များ သတ်မှတ်ထားရှိကြောင်း သိရှိရသည်။ ထိုသို့ဆီထွက်သီးနှံ အထူးစီးပွားရေးဇုန်များ ဖော်ဆောင်ရာတွင် တောင်သူများကိုမျိုးစေ့နှင့် သွင်းအားစုရရှိအောင် ဆောင်ရွက် ပေးမည့်အပြင် မြေဆီလွှာပညာရှင်များ၊  မျိုးစေ့ပညာရှင်များနှင့် ပိုးမွှားရောဂါ ကာကွယ်ရေးပညာရှင်များ၊  အထူးအရာရှိများ ပါဝင်သည့် ပညာရှင်အဖွဲ့များက ဒေသအလိုက် အသိပညာပေး စည်းရုံးဟောပြောခြင်းများ  ဆောင်ရွက်မည်ဖြစ်သည်။  ထို့ပြင်အထူးဇုန်အတွင်းပါဝင်မည့်တောင်သူများကို  မိရိုးဖလာစိုက်ပျိုးနည်း စနစ်ထက် သွင်းအားစုလိုအပ်ချိန်တွင် သွင်းအားစုအချိန်မှန်ထည့်သွင်းနိုင်ရေး၊  ရောဂါပိုးမွှားများ ကျရောက် သည့်အခါ အချိန်မီကာကွယ်နိုင်ရေး၊  ရေလိုအပ်ချိန်တွင် စိုက်ပျိုးရေဖြည့်ဆည်းနိုင်ရေး ပေါင်းစပ်ဆောင်ရွက် ခြင်းများဖြင့် အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်  ဆီထွက်သီးနှံစိုက်ပျိုးဧက ၈ ဒသမ ၃ သန်းခန့်ရှိသည့်အနက် ဧက သုံးသန်းကို ပထမအဆင့်အနေဖြင့် ဆီထွက်သီးနှံအထူးဇုန်အဖြစ် စတင်အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ပြည်တွင်း မှထွက်ရှိသည့် မြေပဲ၊ နှမ်းနှင့်နေကြာအစရှိသည့် ဆီထွက်သီးနှံများကို အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်သည်။ ထို့အတူပြုပြင် ရောနှောထားသည့် ကျန်းမာရေးနှင့်မညီညွတ်သော ဆီများကို သုံးစွဲနေရခြင်းမှ များစွာလျော့နည်းသွားမည်ဖြစ်သည်။  စားသုံးဆီများ၏ စံချိန်စံညွှန်းနှင့် အရည်အသွေးကို ထိန်းချုပ်မြှင့်တင်ခြင်းမှတစ်ဆင့် ပြည်ပသို့ တင်ပို့နိုင်သည်အထိ မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်သည်။   ထိုကဲ့သို့ အဘက်ဘက်မှ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက နှစ်စဉ်ပြည်တွင်းဆီ လိုအပ်ချက် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ဖိုးတင်သွင်းနေရခြင်းကလည်း လျော့နည်းသွားမည်ဖြစ်သည်။

ဆီထွက်သီးနှံစိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက်များကို   ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီက ဦးစီးလုပ်ဆောင်နေပြီး အဆင့်မီဆီစက်များ တပ်ဆင်ခြင်း၊  အသစ်တည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းများကို ဆီစက်ချေးငွေစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့များကဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်တွင်းထုတ်လုပ်မှု စာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံးတွင်အကြီးစားဆီစက် ၂၃၀ ကျော်၊  အလတ်စားဆီစက် ၉၂၀ ကျော်နှင့်တစ်နိုင်တစ်ပိုင်ဆီစက်ငယ်ပေါင်း ၃၁၀၀ ကျော်ရှိသည်။ တစ်နှစ်လျှင်စားသုံးဆီထုတ်လုပ်မှုမှာ တန်ချိန် ၆၆၀၀၀ ကျော်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဆီကြိတ်ခွဲထုတ်လုပ်ရန်ငွေကြေးအရင်းအနှီးလိုအပ်ပြီး ချေးငွေမရရှိသေးသည့် ဆီစက်လုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအဖြစ် တစ်ဦးကို အများဆုံးငွေကျပ်သိန်း ၃၀၀၀ အထိထပ်မံထုတ်ချေးမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ နေပြည်တော်ကောင်စီ အပါအဝင်တိုင်းဒေသကြီး^ပြည်နယ် ခုနစ်ခုတို့မှဆီစက်ပိုင်လုပ်ငန်းရှင် ၂၁ ဦး၊  ဆီစက်ချေးငွေအဖြစ်ငွေကျပ် ၁၇၇၃ သန်းထုတ်ချေးထားပြီးဖြစ်သည်။ ပြည်တွင်းဆီစက်များပြန်လည်ဦးမော့လာကာ ထုတ်လုပ်မှု တိုးတက် လာသည်နှင့်အမျှ  စားသုံးဆီသုံးစွဲမှုစရိတ် လျှော့ချလာနိုင်မည် ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  စိုက်ပျိုးသူများ၊  ထုတ်လုပ်သူများ တက်ညီလက်ညီ ဆောင်ရွက်ခြင်းဖြင့်  ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို  အားကြိုးမာန်တက် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။