ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်၊ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ

 

ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်၊ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ

နေပြည်တော်၊ ၂၀၂၄ မေ - ၁၈

နေပြည်တော်သို့ ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ်(၁/၂၀၂၄)နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများ သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်ထားရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြပြီး သူရဲကောင်ဗိမာန် (နေပြည်တော်)နှင့် တပ်မတော်စစ် သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။

အဆိုပါ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့်ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြရာ ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံ စေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ရေကြောင်းနှင့် လေကြောင်းလူငယ် မောင်မယ်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရား ရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓ ဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို လေ့လာ ကြည့်ရှုကြသည်။

          အလားတူ ရေကြောင်းလူငယ်မောင်မယ်များသည် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်လေ့လာခဲ့ကြပြီး သူရဲကောင်း ဗိမာန်အား အဖွဲ့လိုက် အလှည့်ကျ အလေးပြုကြသည်။ ထို့နောက် သူရဲကောင်း ဗိမာန်အား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

          ထို့ပြင် လေကြောင်းလူငယ်မောင်မယ်များသည် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြရာ တပ်မတော်(ကြည်း) ပြကွက်၊ တပ်မတော် (ရေ)ပြကွက်၊ တပ်မတော်(လေ)ပြကွက်နှင့် ပြင်ပပြကွက်များကို တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြပြီး သင်တန်းသားများ၏ သိရှိလိုသည်များ မေးမြန်းမှုကို  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။